ကျနော် ယုံကြည်ရာ

ကျနော် ယုံကြည်တာ က တော့ ရိုးသားခြင်းပါ။ ကျနော် တို့ဟာ ရဲရင့်ခြင်း နဲ့ အမှန်တရား အတွက် ရိုးသားဖို့ လိုအပ်ပါတယ်။ ရိုးသားခြင်းဆိုတဲ့ နေရာ မှာ ရိုးရိုး အအ နဲ့ သူတပါး လှည့်စား တာခံဖို့ ပြောတာမဟုတ်ပါဘူး။ ကျနော် ပြောတဲ့ ရိုးသားခြင်း ဆိုတာ ကိုယ် အခြေအနေ ကိုယ် ဘာသာ ရိုးရိုးသားသား၊ အရှိကို အရှိအတိုင်း သိမြင် သုံးသပ်နိုင်ဖို့ နဲ့ အများ နဲ့ ဆက်ဆံတဲ့ နေရာမှာလည်း ရိုးရိုးသားသား နဲ့ အရှိ ကို အရှိအတိုင်း၊ မသိတာ ကို မသိတဲ့ အတိုင်း ဖြောင့်ဖြောင့်မှန်မှန် ဆက်ဆံဖို့ ပါ။ ကျနော် ကိုယ်တိုင်လည်း အဲဒီ လို ဖြစ်ဖို့ ကြိုးစားနေပါတယ်။

ကျနော် ကို ရိုးသားဖို့ အဓိက လွှမ်းမိုးခဲ့တာ ကတော့ ဗိုလ်ချုပ်အောင်ဆန်း၊ သူလိုလူ ဂျာနယ်ကျော်ဦး ချစ်မောင် နဲ့ သော်တာဆွေ ရေးတဲ့ ရဲရင့်ခြင်း နဲ့ အမှန်တရား ထဲ က ဇာတ်ကောင်တွေဘဲ ဖြစ်ပါတယ်။ ကျနော် မရိုးမသား လုပ်တော့မယ် ဆိုရင် ရဲရင့်ခြင်း နဲ့ အမှန်တရား ထဲ က ရွာသူကြီး  ကို မျက်လုံးထဲ မှာ ဘဲ မြင်နေမိပါတယ်။ သူများ မယား ကို မရိုးမသား၊ မဟုတ်မမှန်၊သူ့လင် လှံနဲ့ ထိုးပြီး လုပ်ကြံ ရယူတဲ့ အတွက် သြဇာ အာဏာ ကြီးတဲ့ သူကြီး အဖြစ်ကနေ အသက် ၇၀ အရွယ် အမယ်အိုတစ်ယောက် ဓားကြိမ်း ကြိမ်း တာကို မရင်ဆိုင်ဝံ့ဘဲ ရွာက ထွက်ပြေးရတာ ဟာ  မရိုးသားခြင်းရဲ့ အပြစ်တွေပါ။

ရိုးသားခြင်း ဂုဏ် သတ္တိရဲ့ အကျိုး က ပြောလို့ တောင် မကုန်နိုင်ပါဘူး။

ပခုက္ကူ ဦးအုန်းဖေ အထ္တုပတ္တိ အရ ဦးအုန်းဖေ ဟာ ထောင်ထွက် ဘဝ ကနေပြီး ရိုးဂုဏ်ကြောင့် ကုန်သည်ဘဝ ရောက်ခဲ့ပြီး ချမ်းသာကြွယ်ဝလာခဲ့တယ် လို့တောင် ပြောလို့ပါတယ်။ ဂျာနယ်ကျော် ဦးချစ်မောင်ဆိုရင်လည်း သူရဲ့ ရိုးဂုဏ်ကြောင့်သာ ဧရာဝတီတိုင်းက သူဌေးသမီး ဒေါ်မမလေး ရဲ့ မေတ္တာ ကို ရခဲ့တယ် လို့ ပြောနိုင်ပါတယ်။ဗိုလ်ချုပ်အောင်ဆန်း ဆိုရင်လည်း ဂျနရယ် စလင်း ကိုပြောခဲ့တဲ့ ခင်ဗျားတို့ မနိုင်ရင် ခင်ဗျားတို့ ဘက် လာမလား ဆိုတဲ့ ရိုးရိုးသားသား အပြောတွေ ကြောင့် မဟာမိတ်တို့ ရဲ့ ယုံကြည်မှု၊ ပူးပေါင်း ဆောင်ရွက်မှု တွေ ရခဲ့တယ်လို့ မြင်ပါတယ်။

အမေရိကန် က အင်မတန် စာရေး ကောင်းတဲ့ စာရေးဆရာကြီး မတ်တွိုင်းရဲ့ စကားကို ပြန်ကိုးကားရရင် ကျနော်တို့  ရိုးရိုးသားသား နဲ့ အမှန်ကိုဘဲ ပြောတဲ့ အခါ ဘာမှ ကို မှတ်ထားစရာမလိုပါဘူး။

အဲဒါကြောင့် ကျနော် မရိုးမသား လုပ်ဖို့ နောက်တွန့်မိပါတယ်။ တခါတလေ လည်း ကျနော် မအောင်မြင်တဲ့ အခါ၊ ရိုးသားဖို့ နောက်တွန့်နေတတ်တာတွေ ရှိခဲ့ပါတယ်။ ကျနော် ကိုယ်တိုင်လည်း လိမ်ညာမိတဲ့ အခါ၊ မရိုးမသား လုပ်မိတဲ့ အခါ တိုင်း ရှက်ကြောက်မိပါတယ်။ လူမိသွားမှာ ကိုလည်း စိုးရွံပါတယ်။ အဓိက က တော့ ကျနော် အဖေ ရဲ့ ဒေါသကို ကြောက်လို့ လိမ်ညာမိတဲ့ အခါတွေလည်း ရှိပါတယ်။

နောက်ပြီး လူတစ်ယောက် ရိုးသားဖို့ အတွက် ပတ်ဝန်းကျင် ကလည်း အရေးကြီးတယ်လို့ ထင်ပါတယ်။ ကျနော် အခု ရောက်နေတဲ့ နေရာဆိုရင် အမေရိကန်ပြည်ထောင်စု ရဲ့ အနောက်အလယ်ပိုင်း လွင်ပြင်လို့ သတ်မှတ်ထားပြီး အများသော အားဖြင့် ပြောင်းဖူး နဲ့ ပဲပီစပ် စိုက်တဲ့ လယ်သမားတွေ နေကြပါတယ်။ လယ်သမား အများစုဟာ မြန်မာပြည်က လယ်သမား အများစု လိုဘဲ အင်မတန် ရိုးရိုးသားသား နေထိုင်ကြတာပါ။ကျနော့် အတွေ့အကြုံအရ ဆိုရင် ရိုးသားတဲ့ လူတွေများတဲ့ လူအဖွဲ့အစည်းဟာ ပြောရဆိုရ လုပ်ရကိုင်ရ အင်မတန် လွယ်ကူပါတယ်။ တစ်ယောက် နဲ့ တစ်ယောက် ယုံကြည်မှု လည်း အင်မတန် ကြီးမားပါတယ်။ ရိုးသားခြင်းဟာ အမှန်တရား နဲ့ ရဲရင့်ခြင်း အတွက် အထောက်အပံ့ အပြည့်အဝ ပေးထားတဲ့ အတွက် လူတွေဟာ ပွင့်ပွင့်လင်းလင်းရှိကြပါတယ်။

ကျနော် ကိုယ်တွေ့ ဥပမာ ပေးရရင် ကျနော် ရိုးရိုးသားသားပြောတဲ့ အတွက် ထမင်းအလကား စားရတဲ့ အပြင် ကျနော် သူငယ်ချင်းကို ပါ ထမင်း တစ်ပတ်လောက် ကျွေးထားနိုင်တဲ့ ဥပမာလေးပြောပြချင်ပါတယ်။ကျနော်  ကောလိပ်မှာ ကျောင်းအိပ်ကျောင်းစားပါ။ နွေရာသီ ကျောင်းတွေ ပိတ်ပြီး လို့ ပြန်ဖွင့်တဲ့ အခါ…အတန်းကြီးတဲ့ ကျောင်းသားတွေ က တစ်ပတ်လောက် နောက်ကျပြီး မှ ကျောင်းကို ပြန်လာရပါတယ်။ အဲဒီ တစ်ပတ်ကတော့ ကျောင်းသား အသစ်တွေ အတွက် မိတ်ဆက်ခြင်း အခန်းအနားတွေ အမျိုးမျိုး လုပ်ပေးတဲ့ အချိန်ပါ။ ကျနော်က မြန်မာပြည်က ကျောင်းသားဖြစ်တဲ့ အတွက် နွေရာသီလည်း ကျောင်း မှာ အလုပ်လုပ်ပြီး နေပါတယ်။ အဲဒီ တစ်ပတ် အတွင်းမှာ ထမင်းစားဖို့ အတွက် ကျနော့် ကျောင်းသားကဒ် ပြရပါတယ်။ ကျနော် ကဒ် က အဆင်သင့် မဖြစ်သေးပါဘူး။ တခြားကျောင်းမှာတက်တဲ့ ကျနော့် သူငယ်ချင်း မြန်မာပြည်သားကလည်း  သူ့ကျောင်း မဖွင့်သေးတဲ့ အတွက် ကျနော် နဲ့ အတူ ခဏ လာကပ်နေပါတယ်။ ကျနော်လည်း ကျောင်းကလည်း ဖွင့်ကာနီး ကိုယ်ဘာသာ ကိုယ်လည်း ချက် မနေချင်တော့ တာနဲ့ ရိုးရိုးသားသား ဘဲ သွားပြောပြီး ထမင်းစားခွင့် တောင်းခဲ့ပါတယ်။ ကျနော် တို့က ကျောင်းသား ဖြစ်တာ ကလည်း တစ်ကြောင်း၊ တစ်ပတ်လောက်ဘဲ အလကားကျွေးရမှာ ဖြစ်တာက တစ်ကြောင်း၊ ရိုးရိုးသားသား တောင်းဆိုတာ တစ်ကြောင်းကြောင့် ကျနော် တို့ နှစ်ယောက် ထမင်း တစ်ပတ် လောက် အလကား စားခဲ့ရပါတယ်။

အဲဒါကြောင့် ကျနော် ပြောချင်တာ က တော့ အတတ်နိုင်ဆုံး ရိုးသားကြပါ။ ကျနော်လည်း ကြိုးစားနေပါတယ်။ ကိုယ်တိုင် ရိုးသား ပါမှ အမှန်တရားအတွက် ရဲရဲရင့်ရင့် ရပ်တည်နိုင်မှာပါ။ ကျနော် တို့ ရိုးသားတဲ့ အခါ အမှန်တရား ရဲ့ ရဲရင့်ခြင်း သတ္တိ ခွန်အားတွေ ဟာ ကိုယ်ဘက်မှာ ရှိတယ် ဆိုတာ သဘောပေါက်လာမှာပါ။

Advertisements
Posted in opinion (ကိုယ်ယုံကြည်ရာ) | Tagged , , | Leave a comment

“တယောက်မှ မလျှော့စေရ” (Not One Less)

click here to read in pdf
တရုတ်ပြည်ကြီး တိုးတက်တယ် ဆိုတာ တကယ်လား။ မြို့ကြီးတွေ မှာ စက်ရုံတွေ၊ တိုးတက်မှုတွေ သွားစု နေသလား။ တောင်တန်းတွေထဲ က ရွာလေး တစ်ရွာမှာ ဘက်စ်ကားခ တရုတ်ငွေ ၂၀ ယွမ် (၃ ဒေါ်လာ ကျော်ကျော်၊ မြန်မာငွေ ၂၄၀၀ ကျော်ကျော်) မတတ်နိုင်လို့ မြို့ကို လမ်းလျှောက်တဲ့ အသက် ၁၃ နှစ်အရွယ် မူလတန်းပြ ဆရာမ တစ်ယောက် ကို ကြည့်ချင်ပါသလား။ ကျောင်းသား ၂၆ ယောက် ကိုကာကိုလာ သံဗူး နှစ်ဗူးကို မျှသောက်ရတဲ့ အကြောင်းအရင်းကို သိချင်ပါသလား။ တခါတလေ မှာ ကျနော် တို့ ထင်နေတဲ့ တရုတ်ပြည်နဲ့ တကယ့် လက်တွေ့လေး တွေကို ရိုက်ပြတဲ့ “တယောက်မှ မလျှော့စေရ” (Not One Less) က ပြတဲ့ အကြောင်းအရာလေးတွေ ဟာ ကျနော်တို့ ရဲ့ ထင်မြင်ချက်တွေကို ပြောင်းလဲစေမှာပါ။ ကျနော် က တော့ ဒီလိုမျိုး ရုပ်ရှင်လေးတွေကို ပိုသဘောကျပါတယ်။

ဇာတ်လမ်းလေး က တော့ ရိုးရှင်းပါတယ်။ စကားပြောခန်းတွေလည်း အများကြီးပါ ပါတယ်။ နာမည်ကြီး ဒါရိုက်တာ ကျန်းရီမို့ (Zhang Yimou) ရိုက်တာပါ။ သူရိုက်ထားတဲ့ “အိမ်အပြန်လမ်း” (The road home ) ဆိုရင်လည်း မြန်မာပြည်မှာ “ထာဝရ အလင်းတန်းများ” ဆိုပြီး ကျောရိုးလေး ယူရိုက်တာ အကယ်ဒမီ တွေ တလှေကြီးရသွားပါတယ်။ အခု ဇာတ်လမ်းလေးကို မြန်မာပြည်က ဒါရိုက်တာတွေ ကျကျနန အတုယူရိုက်ကြမယ် ဆိုရင် အကယ်ဒမီတွေ အများကြီး ရနိုင်တဲ့ ရုပ်ရှင်တစ်ခုပါ။ ကျနော် ပြောတာတောင် နောက်ကျနေမလား မသိဘူး။ ကိုသားစိုး ဆိုတဲ့ သီချင်းလေး ကို တောင် သတိရသွားတယ်။

“ဟိုလူတွေ ကော်ပီ ဆို၊ ဒီလူတွေ ကော်ပီ ဆို…ကျနော်တို့လည်း ကော်ပီဆိုမလို့၊ တစ်ပုဒ်လောက်တော့ ချန်ထားပေးပါ။….မရတော့ ဘူး။ မရှိတော့ဘူး။ မင်းပြောတာက နောက်ကျသွားပြီ။”

နာမည်ကြီး သရုပ်ဆောင် တစ်ယောက်မှ မပါပါဘူး။ သရုပ်ဆောင် အလုပ် လုပ်နေတဲ့ သရုပ်ဆောင်တွေလည်း မပါ ပါဘူး။ သာမန်လူတွေကို တင်ရိုက်ထားတာပါ။ အိုင် အမ် ဒီ ဘီ (IMDb) ရဲ့ အဆိုအရတော့ သဘာဝ ကျကျ အပြောအဆို၊ အလုပ်အကိုင်တွေ လိုချင်လို့ လျှို့ဝှက် ကင်မရာတွေ နဲ့ပါရိုက်ခဲ့ရပါတယ်။ ကျနော် က ဒီဇာတ်လမ်း ကို “အိမ်အပြန်လမ်း” (The road home ) ထက်ပိုကြိုက်ပါတယ်။ စကားအများကြီး ပြောတယ် ဆိုပေမဲ့ နေ့စဉ် လှုပ်ရှားမှု အများကြီးကို အသေးစိတ်ရိုက် ပြထားတာပါ။ အိမ်အပြန်လမ်း ဇာတ်လမ်းက ကျောင်းဆရာ တစ်ယောက် ကို ဇွဲကြီးကြီး နဲ့ မေတ္တာရှိခန်းတွေ ကို အသားပေးထားပေမဲ့ ဒီ ဇာတ်လမ်းမှာ ၁၃ နှစ် အရွယ် အစားဝင်ရတဲ့ ဆရာမ တစ်ယောက် ရဲ့ ဇွဲ၊ စေတနာ ကို အသားပေးထားပါတယ်။ ထာဝရ အလင်းတန်းများမှာ တော့ ဘာကို အသားပေးထားလဲ ဆိုတာ မကြည့်ရသေးတော့ မသိပါဘူး။ အခု ဇာတ်လမ်းကတော့ ၁၃ နှစ်အရွယ် မူလတန်းအောင် ထားတဲ့ အခြားရွာသူ တစ်ယောက်ကို အစားထိုး ဆရာမ အနေနဲ့ မူလတန်း ကျောင်းလေးမှာ တစ်လ အစားထား တာနဲ့ စပါတယ်။ ဆရာမ အသက်က ကျောင်းသားတွေ အသက် နဲ့ မတိမ်းမယိမ်းပါ။  ဆရာမလေး အနေနဲ့ တစ်နေ့ သင်ခန်းစာ တစ်ခု ရေးပေးရမှာ ဖြစ်ပြီး မူလ ကျောင်းဆရာ ပြန်လာလို့ ကျောင်းသား တစ်ယောက်မှ မလျှော့ဘူး ဆိုရင် ယွမ် ၆၀ (၁၀ ဒေါ်လာ သာသာ၊ မြန်မာငွေ ၈၀၀၀ ကျော်) ရမှာ ဖြစ်ပါတယ်။ မူလတန်းကျောင်းလေးမှာ ၁ ယွမ် ( ဒေါ်လာ ၁၆ ဆင့်၊ မြန်မာ ငွေ ၁၂၈ ကျပ် ကျော်ကျော်) သာ ပေးရတဲ့ မြေဖြူတစ်ဗူး မဝယ်နိုင်တဲ့ အတွက် မြေဖြူခဲလေး တွေကို ဘယ်လို ချွေတာ ရေးရသလဲဆို တာကို လည်းကြည့်ကြရမှာပါ။ ဆင်းရဲလို့ ကျောင်းဆက်မတက် နိုင်တော့ တဲ့ ကလေး တွေ မြို့တက်ပြီး အလုပ်ရှာ ကြတာကိုလည်း ရိုက်ပြထားပါတယ်။ ကလေး တစ်ယောက်ဟာ မြို့မှာ တနေ့လုပ်ရင် ၂ ယွမ် (ဒေါ်လာ ၃၃ ဆင့်၊ မြန်မာ ငွေ ၂၇၀ နီးပါး) ရပါတယ်။ အဲဒီ ငွေဟာ တော မှာ အုတ်သယ် လို့ ရတဲ့ ပိုက်ဆံထက် အများကြီး ပိုသာပါတယ်။ ဆရာမက ကျောင်းသားတွေကို ဘယ်လောက် တောင် ကျောင်းမှာပဲ ရှိစေချင်သလဲ ဆိုရင် ….အားကစား သင်တန်း ကျောင်း က သူ့  ကျောင်းသူ တစ်ယောက်ကို အပြေးမြန်လို့ ဆိုပြီး သေသေချာချာ လေ့ကျင့် ပေးဖို့ လာခေါ်တာတောင် ဆရာမ က အဲဒီ ကျောင်းသူကို ဝှက်ထားလိုက်ပါတယ်။ အဲဒီ အခန်းလေး ကတော့ ကြည့်ရှု့သူတွေ ကို မချိတင်ကဲ ဖြစ်စေမှာ အမှန်ပါပဲ။ ဒါကလည်း တရုတ်ပြည် က လက်ရှိ အခြေအနေတွေ ထဲ က တစိတ်တပိုင်းပါ။ သရုပ်ဆောင်တွေ က သာမန်လူတွေ ဖြစ်လို့ တောင့်တောင့် ကြီးတွေ ဖြစ်နေတယ် ထင်ရပေမဲ့ မြန်မာကားတွေ ထဲ က လို မလိုအပ်ပဲ ဟန်ကြီး ပန်ကြီး နဲ့ မဲ့ရွဲ့ပြောတဲ့ မျက်နှာတွေ ထက်သာပါတယ်။ ကျနော်လည်း မြန်မာကားတွေ နဲ့ မြန်မာပြည် က အကြောင်းတွေ ကို မပုတ်ခတ်ပဲ စာ မရေးတတ်တော့ ဘူး ထင်ပါတယ်။ ဇာတ်ကား နောက်ပိုင်းတွေမှာ မြို့တက်ပြီး အလုပ်သွားလုပ်တဲ့ ကျောင်းသားကို ကျောင်းပြန်လာဖို့ လိုက်ခေါ်တဲ့ အခန်းတွေကလည်း ရင်နင့်စရာပါ။ ကင်မရာရှေ့မှာ ကျောင်းသားကို ပြန်လာဖို့ ခေါ်နေရင်း နဲ့ ငိုမဲ့မဲ့ ဖြစ်လာပြီး မျက်ရည် ကျလာတဲ့ အခန်းဆိုရင် မြန်မာကားတွေ ထဲမှာ ငိုကြီး ချက်မ၊ အော်ကြီးဟစ်ကျယ် ငိုပြတဲ့ အခန်းတွေ ထက် အများကြီး တာသွားပါတယ်။ နောက်ပြီး တိုးတက်နေပါတယ် ဆိုတဲ့ တရုတ်ပြည်မှာ တောင် ဒီလို ဆင်းရဲမှုမျိုးတွေ ရှိနေသေးရင် …ကျနော် တို့ ရဲ့ မြန်မာပြည်ကြီးမှာ ဘယ်လို အခြေအနေ ရှိမလဲ ဆိုတာ မတွေးဝံ့စရာပါ။ ဇာတ်ကား နောက်ဆုံး စာတန်းထိုးတော့ တရုတ်ပြည်မှာ ဆင်းရဲလို့ ကျောင်းထွက်ရတဲ့ ကလေးငယ် တစ်နှစ် ကို တစ်သန်း ကျော်ရှိပါသတဲ့။ စေတနာရှင်တွေ ရဲ့ ကူညီမှုကြောင့် ကျောင်းပြန်တက်နိုင်တဲ့ ခလေး က ၁၅ ရာခိုင်နှုန်း ရှိပါသတဲ့။ ကျနော် တို့ ဆီမှာကော….။ အဲဒီတော့ နောက်ဆုံး ပြောချင်တာက ….တရုတ်ပြည် အကြောင်း နည်းနည်းပို သိချင်ရင် ဒီ ကားလေးကို ကြည့်ပါ။ တိုးတက်နေတဲ့ တရုတ်ပြည် က ပြည်သူတွေ ထဲမှာ ဘယ်သူတွေ ဆင်းရဲပြီး ကျန်ခဲ့ သလဲ ဆိုတာ ကွက်ကွက်ကွင်းကွင်း ပြထားပါတယ်။ မြန်မာ ဒါရိုက်တာတွေ အနေနဲ့လည်း အကယ်ဒမီ မှန်းလို့ ရတဲ့ဇာတ်လမ်း​ရှာနေတယ် ဆိုရင်တော့ ဒီ ကားကို သာ ကျကျနန ကူးချ မြန်မာမှု ပြုကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

Posted in movies review (ရုပ်ရှင် ရည်ညွှန်း) | Tagged , , , , , , | Leave a comment

“All that is ne…

“All that is necessary for the triumph of evil is that good men do nothing.” (Edmund Burke)

http://en.wikiquote.org/wiki/Edmund_Burke#Reflections_on_the_Revolution_in_France_.281790.29

Quote | Posted on by | Tagged , , | Leave a comment

ခေါင်းမရှိသော နှလုံးသားများ

For pdf file, click here http://db.tt/7Br6Sw35

ခေတ်နောက်ကျ နေတယ် ဆိုတဲ့ စကား မြန်မာပြည် နဲ့ အင်မတန် လိုက်ဖက်တဲ့ စကားပါ။ မြန်မာပြည်ဟာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး က စလို့ အတွေးအခေါ်ပိုင်း၊ အသိပညာဆိုင်ရာ တွေ မှာ အရာရာ နောက်ကျနေခဲ့တာပါ။ အဲဒီလို နောက်ကျနေတာကို ပြင်ဖို့ မကြိုးစားကြပဲ အမျိုး၊ဘာသာ၊ သာသနာ အတွက် အမျိုးသား နိုင်ငံရေး လုပ်ပြီး တိုင်းပြည်တိုးတက်အောင် လုပ်မယ် ဆိုတဲ့ အယူအဆ ကို ဖြန့်ဖြူးနေတာဟာ အင်မတန်မှာ ခေတ်နောက်ကျ၊ ခေတ်နောက်ပြန်ဆွဲတဲ့ လုပ်ရပ်ပါ။ အမျိုးသားရေး ကို ရှေ့တန်းတင်လို့ ကမ္ဘာစစ်ကြီး နှစ်ခါတိုက်ပြီးပါပြီ။ အမျိုးသားရေး ကို လှုံဆော်ပြီး မြန်မာပြည် လွတ်လပ်ရေး ရခဲ့တာလည်း အမှန်ပါပဲ။ ဒါပေမဲ့ အဲဒီ အမျိုးသားရေး ကိုဘဲ ရှေ့တန်းတင်လို့ မြန်မာပြည် ပြည်တွင်းစစ်ကြီး ရှည်ကြာခဲ့တယ် ဆိုတာလည်း အစွဲကင်းကင်းနဲ့ သမိုင်းကို လေ့လာရင် သိနိုင်ပါတယ်။ တိုင်းရင်းသားတွေ ကို ကွဲပြားနေတာတွေ သိမ်ငယ်စိတ်ဝင်သွားအောင်၊ ခွဲထွက်ချင်အောင် ထူးထူးခြားခြားလုပ်ပြစရာတောင် မလိုပါဘူး။ ငါ က ဗမာကွ၊ ဗမာစကားပြောတယ်။ ဗမာ စာရေးတယ်။ ဗုဒ္ဓဘာသာ ကွ လို့ သာ တချိန်လုံး ပြောနေကြည့် ပါ။ ကြားရတဲ့ လူတိုင်းက ဒီကောင်က ဗမာ၊ ဗုဒ္ဓဘာသာ ဆိုရင် ငါတို့ က ဘာတွေ လည်း ဆိုပြီး တွေးမိမှာပါ။ အဲဒီမှာ နဂို ကွဲပြားနေတာ က နေပြီး သိသာတဲ့ အကွဲအပြဲက စပါတယ်။

အခုလည်း နဂိုကတည်း က ကွဲပြားနေတဲ့ လူအချင်းချင်း၊ စစ်အာဏာရှင်အောက်မှာ အဖိနှိပ်ခံရတာခြင်းတူတူ မူစလင်တွေ က ၂၁ ရာစုမှာ ငါတို့ကို လွှမ်းမိုးမှာ ဆိုတဲ့ ယုတ္တိမတန်တဲ့ အကြောက်တရား နဲ့ မူစလင် ဆန့်ကျင်ရေးတွေ လုပ်နေတာကို စိတ်မကောင်းစွာ မြင်နေရပါတယ်။  အထူးသဖြင့် ၉၆၉ ဆိုပြီး ဗုဒ္ဓဘာသာ ဆိုင်များမှသာ ဗုဒ္ဓဘာသာများ ဝယ်ယူအားပေးရေး၊ လူမျိုးခြား၊ဘာသာခြား နဲ့ လက်မထပ်ရေး အစရှိတဲ့ နှိုးဆော်မှုတွေ လုပ်နေပါတယ်။  ဦးဆောင်လှုံဆော်နေတဲ့ ဦးဝီသူရ ခေါ် ဦးဝိစိတ္တ၊ ဘဝလမ်းခွဲတရား ဟောခဲ့တဲ့ ဦးရေဝတ နဲ့ အမျိုးသား နိုင်ငံရေး လုပ်ချင်တဲ့ အပေါင်းအပါတို့ဟာ လူမျိုးရေး ခွဲခြားတာ မဟုတ်ပါဘူး၊ ဘာသာရေး အရ ခွဲခြားတာ မဟုတ်ပါဘူး၊ မူစလင်တွေ လမ်းစဉ်အတိုင်း တန်ပြန်လုပ်ဆောင်ရတာပါလို့ ဘယ်လိုပင် ငြင်းသော်လည်း ခွဲခြားတဲ့ လုပ်ရပ်၊ ခွဲခြားဖို့ လှုံဆော်မှုတွေ ဟာ မဟုတ်ပါဘူး ငြင်းရုံနဲ့ မလုံလောက်ပါဘူး။ အခြား တတ်သိနားလည် တဲ့ လူပုဂ္ဂိုလ်အများကလည်း ထောက်ပြပြီး ဖြစ်ပါတယ်။ ဂျာမနီမှာ နာဇီခေတ်တုန်းက ဂျုးတွေ ကို ဘယ်လို ခွဲခြားနှိပ်ကွပ်ခဲ့သလဲဆိုတာ လေ့လာလို့ရပါတယ်။ ဒေးဗစ်ကြယ် တံဆိပ်ကြီးတွေ တပ်ပေး၊ ဂျုးဆိုင်ပါဆိုပြီး ဂျာမန်တွေ ကို ဘာမှမဝယ်ဖို့၊ မဆက်ဆံဖို့ လုပ်ဆောင်ခဲ့တာပါ။  အမေရိကန်တောင်ပိုင်းမှာ ၁၉၆၀၊ ၇၀ ပြည့်နှစ်များအထိ လူဖြူတွေ က လူမည်းတွေကို ဘယ်လို လူမျိုးရေး ခွဲခြားလဲ ဆိုတာ စာအုပ်တွေ၊ ရုပ်ရှင်မှတ်တမ်းတွေ ရှိပါတယ်။ အမည်းဆိုရင် ပစ္စည်းမရောင်းတာ၊ သီးခြား ကျောင်းမှာ တက်ရတာ၊ ထမင်းဆိုင်မှာ ထိုင်ခွင့်မပေးတာ၊ ဘက်စ်ကား စီးရင် နောက်ဆုံးတန်းမှာ သက်သက်ထိုင်ရတာ စတာတွေကို သိချင်ရင် ရှာဖွေလေ့လာလို့ရပါတယ်။ ဒါက အမျိုးသားနိုင်ငံရေး လုပ်နေတဲ့၊ လုပ်ချင်နေတဲ့ လူတွေကို လူမျိုးရေး ခွဲခြားမှုတွေ လုပ်နေတာ ဟုတ်မဟုတ် အသိတရား ရစေချင်လို့ပါ။

ဒီကြားထဲက ဒါတွေကို သိရဲ့ နဲ့ မူစလင်တွေ ကို သက်သက်မုန်းနေတဲ့ ကြီးမိုက်ကြီးတွေ ကို မဖြေရှင်းချင်တော့ပါ။ အမျိုးချစ်၊ နိုင်ငံချစ်၊ ဘာသာချစ်တာ ဘာမှတော့ မမှားပါဘူး။ ချစ်နည်း မှန်ဖို့သာ လိုတာပါ။ ချစ်နည်းမမှန်ရင် ခေါင်းမရှိတဲ့ နှလုံးသား နဲ့ မျက်ကန်းမျိုးချစ် တွေပဲ ဖြစ်နေမှာပါ။ နိုင်ငံတိုးတက်ဖို့ အတွက်၊ အမျိုး ဘာသာ တိုးတက်ဖို့ အတွက် ဗုဒ္ဓဘာသာ ဆိုင်ကဘဲ ဝယ်ပါ ဆိုတာတော့ မှန်ကန်တဲ့ နည်းလမ်း တော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မူစလင်တွေကလည်း မြန်မာနိုင်ငံသားတွေ မို့လို့ပါ။ နောက်ပြီး ခရစ်ယာန်တွေလည်း ရှိပါသေးတယ်။ အခြားလူနည်းစု ကိုးကွယ်တဲ့ ဘာသာတွေလည်း ရှိပါသေးတယ်။  မိမိ ဘာသာတူ တစ်စု တိုးတက်ဖို့ အတွက် အခြား ဘာသာတစ်ခု ကို ဆုတ်ယုတ်အောင် လုပ်တာ ဗုဒ္ဓ ဟောခဲ့တဲ့ တရားတော့ မဟုတ်ပါဘူး။

နောက်ပြီး ပစ္စည်း တစ်ခုဝယ်တာပဲဖြစ်ဖြစ်၊ ဝန်ဆောင်မှု တစ်ခု သုံးစွဲတာပဲ ဖြစ်ဖြစ် ပစ္စည်း ကောင်းမကောင်း၊ ဈေးနှုန်းမှန် မမှန်၊ ဆက်ဆံရေး ကောင်းမကောင်းကို ပဲကြည့် ကြတာပါ။ ဗုဒ္ဓဘာသာလား၊ ခရစ်ယာန်လား၊ မူစလင်လား ထည့်စဉ်းစား စရာ အကြောင်းမရှိပါဘူး။ မူစလင်တွေ ကျတော့ ၇၈၆ ဆိုင်ကဘဲ ဘာလို့ ဝယ်ကြသလဲ၊ ဘာလို့ အဲဒီလို လုပ်ရသလဲ လို့ အမေးရှိလာပါမယ်။ ဒါလည်း သူတို့ရဲ့ ဘာသာရေး ယုံကြည်ချက်ကြောင့်၊ ဟာလာ (Halal)  ကို မှ စားရမယ် လို့ ယုံကြည်ချက်ကြောင့်သာ ဖြစ်ပါတယ်။ ကျနော့် အဘိုး လဘက်ရည်ဆိုင် ကို ဥပမာ ပေးပါမယ်။ ကျနော် တို့ ဆိုင်က ဗလီ နားမှာပါ။ ဗလီ နားမှာလည်း မူစလင် ပိုင်ရှင်တွေ ဖွင့်တဲ့ လဘက်ရည်ဆိုင်တွေ ရှိပါတယ်။ မူစလင် တချို့ဟာ ကျနော့် အဘိုး ဆိုင်မှာ သောက်ပါတယ်။ တချို့လည်း မူစလင် ဆိုင်မှာပဲ သောက်ပါတယ်။ ကျနော်လည်း တခါတလေ မူစလင်ဆိုင်တွေ မှာ နွားနို့၊ မလိုင်၊ ဒိန်ချဉ် သွားသောက်ပါတယ်။ ပလာတာ၊ စမူဆာ သွားဝယ်စားပါတယ်။ ကျနော် အဘိုးဆိုင်မှာ မူစလင်တွေ လည်း လာစားပါတယ်။ ဘာ ၉၆၉၊ ၇၈၆ ခွဲခြားမှုတွေ မပါပါဘူး။ ပစ္စည်း ကောင်းမကောင်း၊ ဈေးနှုန်းမှန် မမှန်၊ ဆက်ဆံရေး ကောင်းမကောင်းကို ပဲကြည့်ရမှာပါ။

ဒီလို အခြေအနေမျိုး ရှိခဲ့တဲ့ တိုင်းပြည်မှာ ၇၈၆ ကို ရမယ်ရှာ၊ လက်ညှိုးထိုးပြီး မူစလင်တွေကို အဆက်အဆံမလုပ်ကြဖို့ နှိုးဆောင်တဲ့ လုပ်ရပ်တွေဟာ မြန်မာနိုင်ငံသားတွေ အချင်းအချင်း နိမ့်ကျအောင် လုပ်ဆောင်ချက်တွေပါ။ အဲဒီလို ခွဲခြားလုပ်ဆောင်မှုတွေ ကြောင့် နဂိုက သာမန် သူလိုကိုယ်လို မူစလင်တွေကို အစွန်းရောက်တွေ ဖြစ်အောင် တွန်းပို့သလို ဖြစ်နေပါတယ်။ ဒါက အကြမ်းဖက် အစွန်းရောက်ကို ကာကွယ်ဖို့ အမျိုးသားရေး လုပ်ရတယ်လို့ ရေးတဲ့ ဦးဝီသူရ ရဲ့ ရည်ရွယ်ချက်နဲ့ ဆန့်ကျင်ဘက် ရလဒ်ကို ရသွားစေမှာပါ။ အဲဒီလို မဖြစ်ရင်လည်း တတ်သိနားလည်တဲ့ မူစလင်တွေဟာ တိုင်းပြည်က ထွက်ခွာသွားမှာပါဘဲ။ ဒါမျိုး ဖြစ်ရင် တိုင်းပြည် တိုးတက်မလား၊ ဆုတ်ယုတ်မလား ဖြေကြည့်ပါ။ ကျနော်တို့လို ပြည်ပရောက် နိုင်ငံသား အချို့ကလည်း ခွဲခြားဆက်ဆံရေး လုပ်တဲ့ တိုင်းပြည်ကို ပြန်မလာချင်ပါဘူး။ တိုးတက်မယ့် အခွင့်အလမ်းတွေ ရှာရမယ့် အစား ကိုယ်လည်ပင်းကိုယ် ကြိုးကွင်းစွပ်၊ ကိုယ့်သေတွင်း ကိုယ်တူးနေတဲ့ လုပ်ရပ်ဖြစ်တဲ့ ခွဲခြားမှုတွေ လုပ်နေတဲ့ တိုင်းပြည်ကို ဘယ်သူ ပြန်လာချင်မလဲ။  ၉၆၉၊ အမျိုးသား နိုင်ငံရေး လုပ်နေတဲ့ လူတွေ ဖြေပါ။ ၁၉၆၀၊ ၇၀ ပြည့်နှစ်များမှာ ဦးနေဝင်း အာဏာ သိမ်းပြီး၊ တရုတ်၊ ကုလား မောင်းထုတ်ခဲ့တဲ့ သမိုင်းတွေ ကို သိရှိနားလည်အောင် လေ့လာကြည့်ပါ။ စဉ်းစားကြည့်ရင် မြန်မာပြည်ဟာ နိုင်ငံတကာ နဲ့ အဆက်အဆံနည်းတဲ့ အတွက် ခေတ်နောက်ကျကျန်ခဲ့တာပါ။ အခုလည်း တိုင်းပြည်မှာ ဗုဒ္ဓဘာသာချည်းပဲနေတာမဟုတ်ပါဘူး။ အခု မူစလင်တွေကို ခွဲခြားဆက်ဆံမှုတွေ လုပ်ရင် အခြား ဘာသာမတူတဲ့ တိုင်းရင်းသားတွေ ကလည်း ဒါကို ကြည့်ပြီး ဗမာတွေ နဲ့ အတူတွဲနေထိုင်ဖို့ စိုးရိမ်မှာပါပဲ။ အဲဒီ အတွက် အကျိုးဆက်တွေ ကို ကျနော် တို့ ရဲ့ နောက်မျိုးဆက်တွေ ခံရမှာပါ။

အဲဒီတော့ ဦးဝီသူရ၊ ဦးရေဝတ နဲ့ တကွ အမျိုးသားရေး လုပ်ချင်တဲ့ ရဟန်း သံဃာတော်များကို တိုက်တွန်းချင်တာကတော့ သင်္ကန်းကြီးခြုံပြီး ရွာ အမှုတွေကို ဘုန်းကြီး လိုက်ပတ် မနေပါနဲ့တော့။ အမျိုးသား နိုင်ငံရေး လုပ်ချင်ရင် လူထွက်ပါ။ ပါတီ ထောင်ပြီး ပြတ်ပြတ်သားသား ကြိုက်တဲ့ နိုင်ငံရေး လုပ်ပါ။ သင်္ကန်းကြီးခြုံထားတဲ့ ရည်ရွယ်ချက်ဟာ လောကုတ္တရာ ရည်မှန်းချက်၊ နိဗ္ဗာန် ချမ်းသာရချင်တဲ့ ရည်မှန်းချက်တွေ နဲ့သာ ဖြစ်သင့်ပါတယ်။ သင်္ကန်း ကို အသုံးချပြီး သံဃာ ကို နာမည်ပျက်အောင် မလုပ်ဖို့ တောင်းဆိုချင်ပါတယ်။ မြန်မာပြည်သူ ပြည်သားများ ခေတ်နောက်မကျပဲ မှန်ကန်တဲ့ အတွေးအခေါ် အလေ့အကျင့်တွေ အမြန်ဆုံး တိုးတက်ထွန်းကားပါစေ။

ငြိမ်းချမ်း

Posted in opinion (ကိုယ်ယုံကြည်ရာ) | Tagged , , , , | Leave a comment

I have converted all my posts to Myanmar3 unicode

Dear readers,

You won’t be able to read some of the posts in Burmese unless you have Myanmar3 unicode in your computer. You can download Myanmar3 unicode from the following link. http://www.myanmarlanguage.org/article/download-unicode-fonts-and-keyboards(ယူနီကုဒ် ကူးယူသုံးစွဲရန် )

Warm regards,

maungpeace

Posted in announcements | Tagged , , | Leave a comment

ဘာမင်ဂမ် အကျဉ်းထောင်မှ ပေးစာ (မာတင်လူသားကင်း ဂျုနီယာ) (တတိယပိုင်း)

ကျွန်ုပ် အနေနဲ့ ကြားခဲ့ရသမျှကတော့ တောင်ပိုင်းက ဘာသာရေး ခေါင်းဆောင်တွေဟာ သူတို့ရဲ့ ကိုးကွယ်သူတွေကို ခွဲခြားဆက်ဆံမှု ပပျောက်ရေး ဆုံးဖြတ်ချက်တွေကို တရားဥပဒေ ဖြစ်တဲ့ အတွက် လိုက်နာ ဖို့ တိုးတိုးတိတ်တိတ် သတိပေး နေခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်ုပ် မျှော်လင့်ခဲ့တာက လူဖြူ တရားဟော ဆရာတွေ အနေနဲ့ “ဒီ အမိန့် တွေကို လိုက်နာပါ။ ဘာလို့လဲဆိုတော့ ပေါင်းစည်းရေး ဆိုတာ အကျင့်သိက္ခာပိုင်းအရ မှန်ကန်ပြီး နီဂရိုး ဆိုတာ မင်းရဲ့ ညီအကို ဖြစ်လို့ ပါဘဲ” လို့ ဟောပြော ကြေငြာတာ ကို ကြားချင်ခဲ့ပါတယ်။
ဘာအဓိပ္ပာယ် သက်ဆိုင်မှုမှ မရှိတဲ့ လူမှုရေး အသင်းအဖွဲ့​တွေအနေနဲ့ ပစ်ပယ်ခြင်းခံရမှာ ဖြစ်ပါတယ်။ ဘုရားကျောင်းကို စိတ်ပျက် နေရာ က မုန်းတီးမှု အဖြစ်ပြောင်းလဲ သွားတဲ့ လူငယ်တော်တော်များများ ကိုလည်း ကျွန်ုပ်ဟာ နေ့စဉ် နေ့တိုင်း တွေ့နေရပါတယ်။

ဖြစ်နိုင်တာကတော့ ဒီတခါလည်း ကျနော် အကောင်းမြင်လွန်း သွားပြီထင်တယ်။ ကျွန်ုပ်တို့ နိုင်ငံ နဲ့ ကမ္ဘာကြီး ကို ကယ်တင်ဖို့ အတွက် အဖွဲ့အစည်း နဲ့ အလုပ်လုပ်တဲ့ ဘာသာတရားတွေ ဟာ ရှင်းလို့ မရလောက်အောင် လက်ရှိ အခြေအနေ နဲ့ ငြိတွယ်နေပါသလား။ ကျနော့် အနေနဲ့ လုပ်သင့် တာကတော့ နှလုံးသားကထဲ ဘုရားကျောင်း မှာပဲ ကမ္ဘာကြီးအတွက် မျှော်လင့်ချက်၊ ယုံကြည်မှုထားရမယ်ထင်တယ်။ ဒါပေမဲ့လည်း မြင့်မြတ်တဲ့ လူအချို့ က ခြေထောက်မှာ သံကြိုးလို ဆွဲနေတဲ့ စနစ်ဟောင်းကနေ ဖယ်ခွာပြီး ကျနော် တို့ နဲ့ အတူ လွတ်မြောက်ရေး အတွက် ဝိုင်းဝန်းကြိုးပမ်းပေးကြတဲ့ အတွက်လည်း ကျနော့် အနေနဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ သူတို့ဟာ လုံခြုံစိတ်ချရတဲ့ သူတို့ ရဲ့ ဘုရားရှိခိုးကျောင်းကနေ ထွက်ခွာပြီး ကျနော် တို့ နဲ့ အတူ ဂျော်ဂျီယာပြည်နယ် (Georgia) ၊ အယ်ဘနီ (Albany) က လမ်းတွေ အပေါ်မှာ တူတူ လျှောက်ခဲ့ကြပါတယ်။ သူတို့ ဟာ လွတ်မြောက်ရေး အတွက် ဆိုးရွား၊ နှိပ်စက်လှတဲ့ တောင်ပိုင်း က လမ်းတွေပေါ်မှာ ခရီးဆက်ခဲ့ကြဖူးပါတယ်။ ကျနော်တို့ နဲ့ အတူ ထောင်အတူတူလည်း ကျခံခဲ့ဖူးပါတယ်။ တချို့တွေ ဆိုရင် သူတို့ ရဲ့ ဘုရားကျောင်းက ထုတ်ပယ်ခြင်းကို ခံရပြီး၊ သူတို့ ရဲ့ သူငယ်ချင်း အသိုင်းအဝိုင်း၊ ဘုန်းတော်ကြီးတွေ ရဲ့ ထောက်ခံမှုတွေလည်း ဆုံးရှုံးခဲ့ကြပါတယ်။ သူတို့အတွက် မှန်မှန်ကန်ကန် ရှုံးနိမ့် ခြင်းဟာ မကောင်းဆိုးဝါး အနိုင်ရတာထက် သာတယ်ဆိုတဲ့ ယုံကြည်မှု နဲ့ လုပ်ဆောင်ခဲ့ ကြတာပါ။ သူတို့ ရဲ့ လုပ်ဆောင်မှုတွေဟာ ဒုက္ခရောက်ခဲ့တဲ့ အချိန်တွေတုန်းက ဘုရားရှိခိုး ကျမ်းစာထဲက အနှစ်သာရတွေ ကို ထိန်းသိမ်းထားတာတဲ့ လူတွေ ရဲ့ လုပ်ရပ် နဲ့ တူတူပဲ ဖြစ်ပါတယ်။ သူတို့ဟာ စိတ်ပျက်မှု ဆိုတဲ့ တောင်ကြီး ကို မျှော်လင့်ချက်ဆိုတဲ့ အလင်းရောင် လှိုဏ်ဂူလေး ဖောက်ခဲ့ပြီးပါပြီ။ ဘုရားကျောင်းတွေ တစ်ခုလုံး အနေနဲ့ လည်း ယခုလို အဆုံးအဖြတ်ပေးမယ့် ကာလမှာ စိန်ခေါ်မှုတွေကို ရင်ဆိုင်မယ် လို့ ကျွန်ုပ် မျှော်လင့်ပါတယ်။ ဒါပေမဲ့လည်း ဘုရားကျောင်းတွေ အနေနဲ့ တရားမျှတမှုကို အကူအညီ ပေးဖို့ ရောက်မလာခဲ့ဖူးဆိုရင် ကျွန်ုပ် အနေနဲ့ အနာဂတ် အတွက် စိတ်ပျက်သွားမှာ မဟုတ်ပါဘူး။ ယခု အချိန်မှာ ကျွန်ုပ်တို့ ရဲ့ ရည်ရွယ်ချက် ကို နားလည်မှု လွဲနေကြပေမဲ့လည်း ဘာမင်ဟမ် မှာ လုပ်ခဲ့တဲ့ ကျွန်ုပ်တို့ လှုပ်ရှားမှု ရလဒ် အတွက် စိုးရိမ်စရာ မရှိပါဘူး။ လွတ်မြောက်ရေး ကို ဘာမင်ဟမ် သာမက တစ်နိုင်လုံးကပါ ရရှိမှာပါ။ ဘာလို့လဲ ဆိုတော့ အမေရိကန် နိုင်ငံရဲ့ ရည်ရွက်ချက် ကို က လွတ်မြောက်ဖို့ အတွက်ပါ။ ပြစ်တင် နှိပ်စက်ခံနေရသော်လည်းပဲ ကျွန်ုပ်တို့ ရဲ့ အနာဂတ် ဟာ အမေရိကန် ရဲ့ အနာဂတ်ပါပဲ။ ပလိုင်းမောက် (Plymouth) ကို ရွှေ့ပြောင်း အခြေချသူတွေ မရောက်ခင်ကတည်းက ကျနော်တို့ ဒီကို ရောက်နေပါပြီ။ ဂျက်ဖာဆင် (Jefferson) ရဲ့ ကလောင်တံဟာ သမိုင်းတွင်မယ့် လွတ်လပ်ရေး ကြေငြာစာတမ်းကို မရေးခင်ကတည်းလည်း ကျနော်တို့ ဒီကို ရောက်နေပါပြီ။ ရာစု နှစ် နှစ်ခု ကျော်ကျော် ကျနော် တို့ရဲ့ အဘိုးအဘွားတွေ လုပ်ခလစာ မရပဲ ဒီမြေပေါ်မှာ လုပ်ခဲ့ပြီးပါပြီ။ သူတို့တွေ ဟာ ဝါဂွမ်းတွေ ထုတ်လုပ်ပေးခဲ့တယ်။ မတရားမှု နဲ့ အရှက်သိက္ခာ ချတာကို ခံစားရင်း သူတို့ ရဲ့ သခင်တွေ အတွက် အိမ်ရာထိုင်ခင်း တွေ ဆောက်လုပ်ပေးခဲ့ကြတယ်။ အဲဒီလို အဆုံးမရှိတဲ့ ခွဲခြား နှိပ်စက်ခြင်း ဒဏ်တွေ ကို ခံခဲ့ပြီးတာတောင် သူတို့တွေ ဟာ ဆက်လက် ရှင်သန် တိုးတက်ဖို့ လုပ်ဆောင်ခဲ့ကြတယ်။ ဖော်ပြလို့ မရလောက်အောင် ရက်စက်တဲ့ ကျေးကျွန်စနစ် တောင် ကျနော် တို့ကို မတားနိုင်ခဲ့ရင် ကျနော် တို့ ယခု ရင်ဆိုင်နေရတဲ့ အတိုက်အခံတွေ ဟာ တနေ့မှာ သေချာပေါက် ကျရှုံးရမှာပါ။ ကျနော်တို့ လွတ်မြောက်ရေး ကို ရရှိမှာပါ။ ဘာလို့လဲ ဆိုတော့ ကျနော် တို့ နိုင်ငံရဲ့ မြင့်မြတ်တဲ့ အစဉ်အလာနဲ့၊ ဘုရားသခင်ရဲ့ အလိုတော်ဟာ ကျနော်တို့ တောင်းဆိုတဲ့ အချက်တွေ မှာ ပဲ့တင်ထပ်နေလို့ပါပဲ။ ဒီစာ ကို အဆုံးမသတ်ခင် ကျနော် ကို တော်တော် စိတ်ထိခိုက်စေခဲ့တဲ့ ခင်ဗျားတို့ ထုတ်ပြန်ချက်ထဲမှာ ပါတဲ့ အချက် တစ်ချက် ကို ထောက်ပြပါရစေ။ ခင်ဗျားတို့ ဟာ ဘာမင်ဟမ် ရဲတပ်ဖွဲ့ကို “တည်ငြိမ်ရေး” နဲ့ “အကြမ်းဖက် မှုကို ကာကွယ်ခြင်း” အတွက် လှိုက်လှိုက်လှဲလှဲ ချီးကျုးထားပါတယ်။ လက်နက်မပါ၊ အကြမ်းမဖက်တဲ့ နီဂရိုး တွေ ရဲ့ အသားမြုပ်အောင် ကိုက်တဲ့ ခွေးတွေကို ခင်ဗျားတို့ မြင်တွေ့ခဲ့ရင် ခင်ဗျားတို့ဟာ အခုလိုမျိုး ချီးကျုးမယ် လို့ မထင်ပါဘူး။ အခု အကျဉ်းထောင်ထဲမှာ နီဂရိုး အကျဉ်းသားတွေ ကို အရုပ်ဆိုးအကျဉ်းတန်ပြီး လူသား မဆန် ဆက်ဆံပုံတွေကို လေ့လာဖူးရင် ခင်ဗျား တို့ အခုလိုမျိုး ချီးကျုးမယ် မထင်ပါဘူး။ နီဂရိုး အဖွားကြီးတွေ၊ အမျိုးသမီး ငယ်လေးကို တွန်းလှဲ၊ ဆဲဆိုတာမျိုးတွေ မြင်နေရရင်၊ နီဂရိုး အဖိုးကြီး နဲ့ ကောင်လေး တွေကို ပါးရိုက်၊ ကန်ကျောက်တာမျိုးတွေ ကို မြင်တွေ့ရရင်၊ ကျနော် တို့ ဘုရား ဂုဏ်တော်တွေ ရွတ်ဆိုတဲ့ အတွက်ကြောင့် နှစ်ကြိမ် နှစ်ခါ အစားအသောက် ပေးဖို့ ငြင်းဆန်တာတွေ မြင်ဖူးရင် ခင်ဗျားတို့ အခုလို ချီးကျုးမယ် မထင်ပါဘူး။ ဘာမင်ဟမ် ရဲတပ်ဖွဲ့ ကို ချီးကျုးတဲ့ အထဲတော့ မပါနိုင်ဘူးဗျာ။

ရဲတွေ အနေနဲ့ ဆန္ဒပြသူတွေကို ကိုင်တွယ်တဲ့ နေရာမှာ အတိုင်းအတာတစ်ခု အထိတော့ စည်းကမ်းလိုက်နာခဲ့တယ် ဆိုတာ မှန်ပါတယ်။ လူအများရဲ့ ရှေ့မှာတော့ သူတို့ဟာ အကြမ်းမဖက်ခဲ့ပါဘူး။ ဒါပေမဲ့ ဒါဟာ ဘာအတွက်လဲ။ ခွဲခြားခြင်းဆိုတဲ့ မကောင်းဆိုးဝါး စနစ်ကြီး ရှင်သန်စေဖို့ပါ။အကြမ်းမဖက် လှုပ်ရှားမှုမှာ အသုံးပြုတဲ့ နည်းလမ်းဟာ အဆုံးသတ် တောင်းဆိုမှုလိုပဲ ဖြူစင်ရမယ် လို့ ပြီးခဲ့တဲ့ နှစ်တွေ တုန်းက ကျွန်ုပ်ဟာ တောက်လျှောက် ဟောပြောခဲ့ပါတယ်။ မတရားတဲ့ နည်းလမ်း နဲ့ တရားမျှတမှုကို ရယူတာဟာ မှားပါတယ် ဆိုတဲ့ အကြောင်း ကျွန်ုပ် သေချာရှင်းပြခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ကျွန်ုပ်ဟာ ထပ်ပြီးတော့ ပြောရပါမယ်။ မတရားမှုကို ထိန်းသိမ်းဖို့ အတွက် တရားမျှတတဲ့ နည်းလမ်းတွေ သုံး နေတာဟာ လည်း မလျှော့သော အမှားနဲ့ မှားပါတယ်။ မစ္စတာ ကော်နာ (Mr. Connor) နဲ့ သူရဲ့ပုလိပ်တွေဟာ၊ ဂျော်ဂျီယာပြည်နယ် (Georgia) ၊ အယ်ဘနီ (Albany) က ရဲမင်းကြီး ပရစ်ချက် (Chief Pritchett) တို့လို့ ပဲ လူရှေ့မှာ ဆိုရင် အကြမ်းမဖက်တဲ့ နည်းလမ်းကို သုံးပါတယ်။ သူတို့ဟာ တရားတဲ့ နည်းလမ်းဖြစ်တဲ့ အကြမ်းမဖက်နည်းလမ်း ကို လူမျိုးရေး ခွဲခြားမှု ဆိုတဲ့ မတရားမှုအတွက် သုံးနေတာပါ။ တီ၊ အက်စ်၊ အီလီရော့ (T. S. Eliot) ​ပြောခဲ့တာကို ကိုးကားရရင် − တလွဲအကြောင်းပြချက် နဲ့ ကောင်းမှုလုပ်ဖို့ ကြိုးစားတဲ့ နောက်ဆုံး လုပ်ရပ်ဟာ အကြီးမားဆုံး သစ္စာဖောက်ခြင်းပဲ − ဖြစ်ပါတယ်။(“The last temptation is the greatest treason: To do the right deed for the wrong reason.”)

အပြင်းအထန် ရန်စ မှုတွေ ကြားက စည်းကမ်း ထိန်းသိမ်းခဲ့တဲ့၊ အနစ်နာခံခဲ့ကြတဲ့ ဘာမင်ဟမ် က ဆန္ဒပြသူတွေ၊ ထိုင်သပိတ် ဆင်နွှဲတဲ့ နီဂရိုးတွေ ကို သူတို့ရဲ့ သတ္တိတွေ အတွက် ခင်ဗျား တို့ ချီးကျုးခဲ့ဖို့ ကောင်းပါတယ်။ တနေ့ကျရင်တော့ တောင်ပိုင်းပြည်နယ် တွေ အနေနဲ့ သူတို့ရဲ့ တကယ့် သူရဲကောင်းတွေကို အသိအမှတ်ပြုကြမှာပါ။ သူတို့တွေဟာ ကောင်းမွန်တဲ့ ရည်ရွယ်ချက် နဲ့ ရန်လိုတဲ့ လူအုပ်ကြီး ကို ရင်ဆိုင်၊ လမ်းသစ်ဖောက်သူတွေ ရဲ့ အထီးကျန်မှု တွေကို ခံစားရင်း နောင် တချိန် ကျရင် ဂျိမ်း မာရစ်ဒက်( James Merediths) လိုမျိုး သူရဲကောင်းတွေ ဖြစ်လာကြမှာပါ။ “ငါ ခြေထောက်တွေ တော့ ညောင်းနေပြီ။ ဒါပေမဲ့ ငါ စိတ်ချမ်းသာတယ်” လို့ ပြောပြီး ခွဲခြားတဲ့ ဘက်စ်ကားကို စီးဖို့ ငြင်းဆန်၊ ဂုဏ်သိက္ခာအတွက် ရပ်တည်ခဲ့ကြတဲ့ အသက် ၇၂ အရွယ် အသက်ကြီးကြီး၊ အဖိနှိပ်ခံ၊ အထုအထောင်းခံ မောင်ဂိုမာရီ မြို့(Montgomery) အယ်ဘာမား ပြည်နယ်(Alabama)က၊ နီဂရိုး အဖွားကြီးဟာ သူတို့တွေပဲ ဖြစ်ပါတယ်။ သူတို့တွေ ဟာ အထက်တန်း ကျောင်းသားတွေ၊ ကောလိပ် ကျောင်းသားတွေ၊ ဘုန်းတော်ကြီး၊ ငယ်တွေ ဖြစ်ပြီး သူတို့ရဲ့ ယုံကြည်ချက် အတွက် ထမင်း ဆိုင်တွေ မှာ အကြမ်းမဖက် ထိုင်သပိတ် ဆန္ဒပြ ပြီး သတ္တိရှိရှိ ထောင်ထဲကို ဝင်ဖို့ ပြင်ဆင်ထားကြပါတယ်။ တနေ့ ကျရင်တော့ တောင်ပိုင်းပြည်နယ်တွေ အနေနဲ့ ဘုရားသခင်ရဲ့ သားသမီးတွေ ထမင်းဆိုင်မှာ ထိုင်တဲ့ အခါ၊ သူတို့ဟာ အမေရိကန် အိပ်မက်ထဲ က အကောင်းဆုံး တွေ အတွက် ရပ်တည်နေပါလား။ ခရစ်ယာန် ဘာသာထဲက အဖိုးအတန်ဆုံး တန်ဖိုး တွေ အတွက်၊ အခြေခံ ဉပဒေ နဲ့ လွတ်လပ်ရေး ကြေငြာစာတမ်းရေးခဲ့တဲ့ နိုင်ငံတည်ထောင်သူများ တူးခဲ့တဲ့ ဒီမိုကရေစီ ရေတွင်း ကို ပြန်သယ်လာနေပါလား ဆိုတာ သိလာမှာပါ။

ကျွန်ုပ်တခါမှ ဒီလောက် ရှည်တဲ့ စာမရေးဖူးပါ။ ခင်ဗျားတို့ ရဲ့ အဖိုးတန်လှတဲ့ အချိန်တွေ ကုန်သွားမှာ ကျနော် စိုးရိမ်မိပါတယ်။ ကျနော် သာ ထိုင်ခုံမှာ ကျကျနန ထိုင်ရေး ရရင် ဒီထက်ပို တိုမယ် ထင်ပါတယ်။ ဒါပေမဲ့ အခုလို အကျဉ်းထောင်ထဲမှာ တစ်ယောက်တည်း နေတဲ့ အခါ စာရှည်ရှည်ရေး၊ အတွေးရှည်ရှည်တွေး၊ ဘုရား ကြာကြာ ရှိခိုး ရုံကလွဲ ပြီး ကျနော် ဘာများ လုပ်နိုင်ပါသေးသလဲ။

ကျနော် ဒီစာထဲမှာ ရေး ထားသမျှထဲမှာ အဖြစ်မှန် ကို ပို ရေးထားရင်၊ အဓိပ္ပာယ် မရှိ စိတ်မရှည်တာတွေ ပါခဲ့ရင် ခွင့်လွှတ်ဖို့ တောင်းပန်လိုပါတယ်။ ကျနော် ရေးထားသမျှထဲမှာ အဖြစ်မှန်ကို လျှော့ရေးထားရင်၊ ညီအကို အဖြစ်က လွဲပြီး အခြား နေရာ တစ်ခု မှာ ကျေနပ်ပါ့မယ် လို့ ဖော်ပြထားမိရင် ဘုရားသခင်အား ခွင့်လွှတ်ဖို့ တောင်းပန် လိုပါတယ်။

ဒီစာဟာ ခင်ဗျားတို့ လက်ထဲ ချောချောမောမော ရောက်မယ် လို့ မျှော်လင့် ပါတယ်။ အခြေအနေတွေ အမြန်ဆုံး ပြောင်းလဲပြီး ခင်ဗျားတို့ တစ်ယောက်ချင်းဆီကို… ပြည်သူ့အခွင့် အရေး လှုပ်ရှားသူ သို့မဟုတ် ပေါင်းစည်းရေး သမား အနေနဲ့ မဟုတ်ပဲ.. ခင်ဗျားတို့ရဲ့ ခရစ်ယာန် ညီအကို တစ်ယောက်၊ ဘုန်းကြီးတစ်ပါး အနေနဲ့ တွေ့ခွင့် ရချင်ပါသေးတယ်။ ဒီ လူမျိုးရေး ခွဲခြားမှုဆိုတဲ့ တိမ်ညိုမည်း တွေ အမြန်ဆုံး လွင့်စင် ပြီး အကြောက်တရားတွေ လွှမ်းမိုးနေတဲ့ ကျနော် တို့ လူ့အသိုင်းအဝိုင်းမှာ နားလည်မှု လွဲမှားတဲ့ မြူတွေ ကင်းစင်ပါစေလို့ မျှော်လင့် ပါတယ်။ ပြီးတော့ မဝေးလှတဲ့ အနာဂတ်မှာ မေတ္တာ နဲ့ ညီအကို သံယောဇဉ်သာ ကြယ်စင်ကဲ့သို့ ထွန်းလင်းတောက်ပပြီး ကျနော် တို့ နိုင်ငံကြီးကို အလင်း နဲ့ အလှတရားများ ဖြည့်ဆည်းပေးနိုင်ပါစေလို့ ဆုတောင်း မျှော်လင့်နေပါတယ်။

ငြိမ်းချမ်းရေး နဲ့ ညီအကိုလက်တွဲနိုင်ရေး အတွက် လှုပ်ရှားနေသော သင်၏ မာတင်လူသာကင်း (ဂျုနီယာ)

Posted in translation (ဘာသာပြန်) | Tagged , , | Leave a comment

Zawgyi to Myanmar3 unicode

“The illiterate of the 21st century will not be those who cannot read and write, but those who cannot learn, unlearn, and relearn. ”
― Alvin Toffler

If you cannot read the following paragraphs, please click on this link http://bit.ly/ZhoZwt, here is the pdf file format for zawgyi users. Because I have written them in Myanmar3 fonts.

၂၁ ရာစု ရဲ့ ပညာမဲ့ တွေဟာ စာမရေးတတ်၊ မဖတ် တတ်သူတွေ မဟုတ်ပဲ…သင်ယူ နိုင်စွမ်း၊ သင်ယူထားသမျှ စွန့်ခွာနိုင်စွမ်း၊ ပြန်လည် သင်ယူနိုင်စွမ်း မရှိသူ တွေ ဖြစ်လိမ့်မယ် လို့ အမေရိကန် စာရေး ဆရာ အယ်ဗင် တော်ဖလာ (Alvin Toffler) က အနာဂတ် ဟောကိန်း ထုတ်ခဲ့ပါတယ်။ သူ ဆိုလို ခဲ့တဲ့ အကြောင်း အရာ ကို ကျနော် တို့ မြန်မာ နိုင်ငံရဲ့ ဇော်ဂျီ ဖောင့် စာလုံး အသုံးပြုမှု အခြေအနေနဲ့ ယှဉ်ထိုး စဉ်းစားကြည့် နိုင်ပါတယ်။ ဇော်ဂျီ ဖောင့်ဟာ ယူနီကုဒ် စံ နှုန်းတွေ လိုက်နာတဲ့ စနစ် မဟုတ်ပါဘူး၊ မသုံးပါနဲ့ ဆိုတာ တောက်လျှောက် ပြောနေတဲ့ သူတွေ သာ အချိန်တွေ ကုန်၊ အင်အားတွေ ကုန်ခမ်းသွားမယ်၊ ဇော်ဂျီ အသုံးပြုတဲ့ လူတွေက နားမထောင်ပဲ၊ မသိကြပဲ မလျှော့သော အတိုး နဲ့ တိုးလို့ သာ နေပါတယ်။ မြန်မာသုံး (Myanmar3) သို့ စံ ယူနီကုဒ် စနစ် တွေ ကို လိုက်နာတဲ့ ဖောင့် စာလုံး တွေ သာ ဌာန တွင်း သုံးဖို့ အမိန့် ထုတ်ထားတဲ့ အစိုးရ အမိန့် ကလည်း အရင့် အရင် က အမိန့် တွေ အတိုင်း ချီးကုန်း စက္ကူသာသာ ပဲ သဘော ထားခံရပါတယ်။ ဦးရဲထွဋ် (ပြန်ကြားရေးဌာန)၊ ပြည်သူ့ လွှတ်တော်၊ အချို့ အစိုးရ ဝန်ထမ်းတွေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ နှင့် ၎င်း ကို ထောက်ခံသူတွေ ရေးတဲ့ ဖေ့ဘုတ် တွေကလည်း ဇော်ဂျီ မှ ဇော်ဂျီပါပဲ။ ဒါပေမဲ့ အစိုးရ အင်တာနက် စာမျက်နှာ တွေက ယူနီ ကုဒ် တွေ သုံးထားကြပါတယ်။ ဥပမာ သမ္မတရုံး အင်တာနက်စာမျက်နှာ၊ မြန်မာ့ ဆက်သွယ်ရေး စာမျက်နှာတွေ ဟာ မြန်မာသုံး နဲ့ ရေးထားတာပါ။ တချို့ သတင်း အင်တာနက် စာမျက်နှာတွေ က ယူနီကုဒ် နဲ့ ရေးထားတာပါ။ ဥပမာ ဘီဘီစီ မြန်မာပိုင်း၊ မွန်သတင်း ဌာနတွေပါ။

ကျနော် ကိုယ်တိုင်လည်း အရင်တုန်း က ဇော်ဂျီ နဲ့ ပဲ သုံးတာပါ။ မြန်မာသုံး စံစနစ် ကို ပြောင်းသုံးရင် ကီးဘုတ် လက်ကွက် အသစ်တွေ ပြန်မှတ်ရမှာက တကြောင်း၊ ဖောင့် အပြောင်းအလွှဲမှာ အဆင်မပြေရင် မဖြေရှင်းချင်တာက တကြောင်း ဇော်ဂျီ ပဲ သုံးနေခဲ့ပါတယ်။ အများစု ကလည်း ဒါပဲသုံးကြတော့ ကျနော်လည်း စောက်တလွဲကြီး နဲ့ ပဲ အဆင်ပြေနေခဲ့ပါတယ်။ အမှန်တော့ ကျနော် အနေနဲ့ လူတွေ ကို ဇော်ဂျီ မသုံးပါနဲ့၊ မြန်မာသုံး သို့ ယူနီကုဒ် ပြောင်းသုံး ကြပါလို့ မတိုက်တွန်းချင်ပါဘူး။ ကွန်ပျုတာ ပညာရှင် လည်း မဟုတ်သလို၊ ဂဃနဏ လည်း မရှင်းပြတတ်ပါဘူး။ အခုရေးတဲ့ စာမှာ ကျနော် သိတဲ့ အသိ က မြန်မာ ယူနီကုဒ် ကို ပြောင်းသုံး ဖို့ တိုက်တွန်း နေတဲ့ သူတွေ၊ ဖန်တီးသူတွေဆီ က လာတာပါ။ အဲဒီတော့ ကျနော် သိတဲ့ အသိက မပြည့်စုံ တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျနော် သူတို့ ရှင်းပြတာကို နားလည် လက်ခံပြီး သုံးသင့်တယ် ထင်လို့ ပြောင်းသုံးခဲ့တာပါ။ အခု လောလောဆယ် ဇော်ဂျီသုံးနေတဲ့ လူတွေ ရဲ့ အကြောင်းပြချက် က စာစီ၊ စာရိုက်၊ စကားပြော ဆက်သွယ်လို့ရ ရင် ပြီးရော သဘောထားကြပါတယ်။ ဒါကလည်း မှန်သင့် သလောက်မှန်ပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဒီသဘောပဲထားခဲ့တာပါပဲ။ မြင်နေရတဲ့ စာလုံး အဝိုင်းလေး တွေ ရဲ့ နောက်ကွယ်မှာ ကွန်ပျုတာ ရဲ့ အလုပ်လုပ်ပုံ သဘောတရားတွေ၊ စာလုံး တွေ စီစဉ် သိမ်းဆည်းမှုတွေ ကို သိချင်တာမှ မဟုတ်တာ။

အဲဒီမှာ ဇော်ဂျီ နဲ့ ယူနီကုဒ် စံနှုန်း ကို လိုက်နာတဲ့ မြန်မာသုံး အစရှိတဲ့ ဖောင့် တွေရဲ့ ကွဲလွဲချက် စပါတယ်။ ကျနော် တို့ ပုံနှိပ် စက္ကူစာရွက်ပေါ် က စာလုံးတွေကို ဘယ်လို စာလုံးနဲ့ ရိုက်လာ ရိုက်လာ အဆင်ပြေ သုံးလို့၊ ဖတ်ရှု့ လို့ ရပေမဲ့ ကွန်ပျုတာပေါ်မှာ ပေါ်တဲ့ စာလုံးတွေ အတွက်က တော့ ဖတ်ရှု့ဖို့ အလုပ်တစ်ခုတည်း တင်မကပါဘူး၊ သိမ်းဆည်းဖို့ အလုပ်ကို လည်း လုပ်ဆောင် နိုင်ဖို့ လုပ်ရပါတယ်။ အဲဒီ အတွက် စံနှုန်း စနစ်တွေ သတ်မှတ်ထားရပါတယ်။ စံနှုန်း စနစ်ကို လိုက်နာတဲ့ ဖောင့် စာလုံးတွေ ကို သာ ပြန်လည် ရှာဖွေရာမှာ အလွယ်တကူ ရှာဖွေနိုင်မှာပါ။ လိုချင်တဲ့ အရာကို ကွန်ပျုတာ က မြန်မြန်ဆန်ဆန်ထုတ်ပေးနိုင်မှာပါ။ ကျနော် ရဲ့ အနည်းငယ် တတ်ကျွမ်းတဲ့ ကွန်ပျုတာ အသိအရဆိုရင် …ကွန်ပျုတာက အမှိုက်ထည့်ရင် အမှိုက်ပဲ ထွက်မှာပါ။ ဇော်ဂျီ ရဲ့ ပြဿနာ က အဲဒီမှာ စပါတယ်။ နိုင်ငံတကာ က သတ်မှတ်ထားတဲ့ စံနှုန်းတွေ ကို မလိုက်နာ ထားတဲ့ ဇော်ဂျီ ဟာ ဖတ်ရှု့သူတွေ အတွက် အဆင်ပြေပေမဲ့ သိမ်းဆည်းထားတဲ့ အထဲ က Search engine (for example Google) ရှာဖွေရေး အင်ဂျင်တွေ (ဥပမာ ဂူးဂယ်လ်) နဲ့ ပြန်ရှာတဲ့ နေရာမှာ တိကျတဲ့ အဖြေမထွက်ပါဘူး။ ဒါတွေကို ကိုငွေထွန်း၊ မြန်မာသုံး ယူနီကုဒ် အဓိက ဖန်တီးသူ ရဲ့ ဖေ့ဘုတ်မှာ သွားကြည့် နိုင်ပါတယ်။ (https://www.facebook.com/photo.php?fbid=10150345354735460&set=a.216626015459.178085.736155459&type=3&theater) သာမန် စာစီ၊ စာရိုက်၊ စကားပြော ဆက်သွယ်ဖို့ သုံးသူတွေ အတွက်က ပြန်ရှာ မတွေ့ လည်း ဘာ အရေးလို့ ထင်မိမှာပါ။ သတင်းဌာနတွေ အတွက်ဆိုရင် တော့ အဲဒီ ပြဿနာ က ရေရှည်တွေးကြည့်ရင် တော်တော်ကြီးပါတယ်။ အဓိက အားဖြင့် သတင်းဌာနတွေ ဆိုရင် ဥမာ ဧရာဝတီ၊ ၁၁ သတင်း၊ ၇ ရက်သတင်းတို့ ဆိုရင် ဇော်ဂျီ ကိုပဲ သုံးနေပါတယ်။ အဲဒီ အတွက် လွန်ခဲ့တဲ့ နှစ်တွေ က သတင်းတွေကို ပြန်လည် ကိုးကားဖို့ ရှာရင် (key words ) အဓိက စာလုံးလေးတွေကို ရှာဖွေရေး အကန့်လေး(search box) မှာရိုက်ပြီး ရှာရ မလွယ်တော့ပါဘူး။ ဘာလို့လည်း ဆိုတော့ ဇော်ဂျီဟာ စံနှုန်းကို လိုက်နာပြီး စာလုံးတွေ ကို စနစ်တကျ သိမ်းဆည်းမှု မရှိတဲ့ အတွက် စာလုံးတွေ ရဲ့ အဓိပ္ပာယ်ကွဲပြားမှု၊ အသုံးတွေကိုလည်း ခွဲခြား မပေးနိုင် တော့ပါဘူး။ ဒါကို ဒီမှာ ကြည့်နိုင်ပါတယ်။ (https://www.facebook.com/photo.php?fbid=10150345354735460&set=a.216626015459.178085.736155459&type=3&theater) အဲဒီ ကိစ္စ ကို ပြဿနာ မဟုတ်ဘူး လို့ ယူဆသူတွေ လည်း ရှိမှာပါ။ ကျနော့် အမြင်ဒါဟာ ပြဿနာပါ။ အနာဂတ်မှာ မြန်မာ သတင်းတွေကို ပြန်ရှာမယ့်လူတွေ၊ မြန်မာအရေး နဲ့ ပတ်သက်ပြီး ရေးသားမယ့် စာအုပ်တွေ ကို ပြန်ရှာမယ့် လူတွေဟာ ဇော်ဂျီ နဲ့ ရိုက်ထားတာတွေကို လွယ်လွယ်ကူကူ ရှာနိုင်မှာ မဟုတ်ပါဘူး။ သတင်းဌာနတွေ ကိုယ်တိုင်လည်း ပြန်လည် ကိုးကားချင်ရင် နေ့စွဲ အတိအကျ၊ ခုနှစ်တွေ မမှတ်မိရင် ဇော်ဂျီ နဲ့ ရှာဖွေရ ခက်ခဲနေမှာပါ။ တနည်းပြောရရင် သုတေသန အလုပ်တွေ တော်တော် နှောင့်နှေး ကြန့်ကြာကုန်မှာပါ။ အဲဒီလိုဆိုရင် ကျနော် တို့ နိုင်ငံ၊ မြန်မာစာ သုံးစွဲသူတွေ ဟာ ၂၁ ရာစု ဒီဂျစ်တယ် ကမ္ဘာမှာ လူရာဝင်မယ် မထင်ပါဘူး။ ဘာလို့လဲ ဆိုတော့ ကွန်ပျုတာ နဲ့ မြန်မာစာ ပတ်သက်သမျှ အစွမ်းကုန် မပြည့်အဝ အသုံးမချနိုင်ပဲ၊ အပေါ်ယံ စာစီ စာရိုက်လောက်သာ သုံးနေလို့ပါ။ ကျနော်တို့ စာစီ စာရိုက်လောက်သာ ကျေနပ် မနေသင့်ပါဘူး။ ကွန်ပျုတာ အသုံးပြုပြီး ဖန်တီးနိုင်သမျှ၊ လုပ်နိုင်သမျှ၊ အချိန်ကုန်သက်သာ၊ လူသက်သာ၊ ခွန်အားသက်သာတဲ့ အခြေအနေကို ဖန်တီးရမှာပါ။

နောက်တစ်ခု အနေနဲ့ ကျနော့် ကို မြန်မာသုံး ယူနီကုဒ် ကို ပြောင်းလဲဖို့ တွန်းအားပေးခဲ့တဲ့ အချက် က (Google, Microsoft, Apple ) ဂူးဂယ်လ် တို့၊ မိုက်ဂရိုဆော့၊ ပန်းသီးကွန်ပျုတာ တို့ပါ။ သူတို့ကလည်း မြန်မာပြည်မှာ လူသုံးများနေတဲ့ ဇော်ဂျီကို သူတို့ ရဲ့ ထုတ်ကုန်တွေ မှာ မသွင်းပါဘူး။ နောက်ဆုံးထုတ် ပစ္စည်းတွေမှာ စံနှုန်းလိုက်နာထားတဲ့ ဖောင့် ဖြစ်တဲ့ မြန်မာသုံး သို့ အခြား ယူနီကုဒ်တွေကို ပဲသုံးပါတယ်။ ဇော်ဂျီ သုံးနေတဲ့သူတွေ အတွက်တော့ အဲဒီမှာလည်း ပြဿနာ သွားဖြစ်နေပါတယ်။ ဇော်ဂျီဟာ စံနှုန်း မဟုတ်တဲ့ အတွက် စံနှုန်း သွင်းထားတဲ့ ကွန်ပျုတာ တွေ နဲ့ ဖတ်ရင် မြန်မာစာလုံးတွေ ဟာ ကိုးယိုးကားရားတွေ ဖြစ်နေပါလိမ့်မယ်။ ရှာဖွေရေးမှာ လည်း ချောချောမွေ့မွေ့ရှိမှာမဟုတ်ပါဘူး။ စနစ် လိုက်နာတဲ့ သူ နဲ့ မလိုက်နာတဲ့ သူ တွဲသုံးလို့ လည်း မရပါဘူး။ ဖောင့်စာလုံးတွေ ကိုးယိုးကားရားဖြစ်နေပါလိမ့်မယ်။ အဲဒီ အတွက် ကျနော် ဟာ မြန်မာသုံး စံနှုန်း စနစ် သို့ ဇော်ဂျီ တစ်ခုခု ကို ရွေးဖို့ အချိန် ရောက်လာခဲ့ပါတယ်။

အဲဒီတော့ ကျနော် ဟာ မြန်မာသုံး နဲ့ ယူနီကုဒ် စံနှုန်း လိုက်နာတဲ့ ဖောင့်စာလုံး စနစ်တွေကိုပဲ သုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ယူနီကုဒ် လိုက်နာတဲ့ စာလုံးတွေဟာ အနာဂတ် မှာ သုံးမယ့် စာလုံးတွေပါ။ ဇော်ဂျီက တာတွက်စောလို့ အားပေးသူ များခဲ့ပေမဲ့ မှန်ကန်တဲ့ နည်းလမ်းကို အသုံးမပြုထားတဲ့ အတွက် ရေရှည်မှာ အသုံးမပြုသင့်ပါဘူး။ အပြောင်းအလဲ အစပိုင်းမှာ တော့ အနည်းငယ် ခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာစာလုံး ရိုက်ကျင့် ရှိနေသူဖြစ်တဲ့ အတွက် ပြန်ပြင်ယူဖို့ က မခက်ပါဘူး။ သတင်းဌာနတွေ လည်း မြန်မြန် သဘောပေါက်ပြီး ပြောင်းသင့်ပါတယ်။ ကျနော့် အမြင်တော့ မြန်မာလို ရေးနေတဲ့ သတင်းဌာန တွေ က စပြီး ပြောင်းဖြစ်ခဲ့ရင်….သတင်းဌာန အကုန်လုံး က ယူနီကုဒ် သုံးပြီဆိုရင် တဦးချင်းစီ အနေနဲ့ လိုက်ပြောင်းရလွယ်ကူသွားမယ် ထင်ပါတယ်။ ကျနော် အစမှာ ကိုးကားခဲ့သလိုပါပဲ…၂၁ ရာစုရဲ့ လူသားများကတော့ သင်ယူခြင်း၊ သင်ယူထားသမျှ စွန့်ခွာခြင်း၊ ပြန်လည် သင်ယူခြင်းတွေ လုပ်မှသာ အစဉ်အမြဲ ထက်မြက် နေမည် ဖြစ်ကြောင်းပါ။ ကျနော် တို့ အားလုံး အနည်းငယ် လေ့လာလိုက်ပြီး သတ္တိရှိရှိ၊ မှန်ကန်တဲ့ လမ်းကြောင်းကို ရွေးမယ် ဆိုရင်၊ တနည်း ယူနီကုဒ် ကို ဘာကြောင့်သုံးသင့်သလဲ ဆိုတာ ဖတ်ကြည့်လိုက်ပြီး လူအရေအတွက် တော်တော်များများသာ ပြောင်းသုံးဖြစ်ခဲ့ရင်…ဒီ စနစ်မကျတဲ့ ဇော်ဂျီ ဖောင့် စာလုံးကနေ တဖြည်းဖြည်း စွန့်ခွာနိုင်မှာပါ။

မှတ်ချက်။ ဤ စာကို ယူနီကုဒ် သုံးစေချင် ဇောဖြင့်ရေးသည်။ ယူနီကုဒ် နှင့် ပတ်သက်၍ ရေးထားသမျှ အပြည့်အစုံ အတိအကျ မှန်ကန်မည် ဟု တာဝန်မယူရဲသော်လည်း ယခုလက်ရှိတွင် နားလည်ထားသလောက် ကိုးကားရေးသားသည် ဖြစ်၍ လက်ရှိ အသိဉာဏ်ဖြင့် ရေးသားထားသမျှသည် မှန်ကန်သည် ဟု ယုံကြည်သည်။ myanmarlanguage.org နှင့် myanmarunicode.org တို့ ၌ မွှေနှောက်ရှာဖွေ အသိဉာဏ် တိုးပွားကြစေကုန်။

ကိုးကားများ

https://www.facebook.com/photo.php?fbid=10150345354735460&set=a.216626015459.178085.736155459&type=3&theater (ရှာဖွေရေး မှ စာလုံး မကွဲပြားပုံ)

https://www.facebook.com/photo.php?fbid=10150454110005460&set=a.216626015459.178085.736155459&type=3&theater (အစိုးရမှ ယူနီကုဒ် သုံးရန် အမိန့် ထုတ်ထားပြီး အစိုးရဌာန တစ်ခု ဖြစ်သော ရတနာပုံ မှ မလိုက်နာပုံ)

https://www.facebook.com/photo.php?fbid=10150729658560460&set=a.216626015459.178085.736155459&type=3&theater (ဇော်ဂျီ ကို ရှာဖွေရေး မှ ကွဲကွဲပြားပြား မသိပုံ)

http://en.wikipedia.org/wiki/Alvin_Toffler

ယူနီကုဒ် ဘာကြောင့် သုံးသင့်သလဲ လမ်းညွှန် အင်တာနက် စာမျက်နှာများ နဲ့ မြန်မာသုံး ဖောင့် ကူးယူ သုံးစွဲရန်

http://www.myanmarlanguage.org/article/unicode-roundup-june-2011 (ယူနီကုဒ် အားသာချက် နဲ့ အသုံးပြုနိုင်စွမ်းများ)
http://bit.ly/ZfCg8N (ယူနီကုဒ် အခက်အခဲများကို မေးမြန်းချက်)

http://www.myanmarlanguage.org/unicode/unicode-Q-n-A (ယူနီကုဒ် ၏ အားနည်းချက် များကို ပြင်ဆင်ပြီးကြောင်း နှင့် ဖြေရှင်းချက်များ)

http://www.myanmarlanguage.org/article/download-unicode-fonts-and-keyboards (ယူနီကုဒ် ကူးယူသုံးစွဲရန် )

http://www.myanmarunicode.org/2011/09/failed-stories-by-lionslayer_03.html (လက်လျှော့သွားသော ရှေးဦး ယူနီကုဒ် သုံးစွဲ ဖန်တီးသူ၏ ရင်ဖွင့်စာ)

http://www.myanmarunicode.org/2010/10/fake-unicode-encoding-unicodestandard_18.html (စာလုံးများကို ကွန်ပျုတာ၌ မည်သို့ သိမ်းဆည်းသည် ကို လေ့လာရန်)

http://www.myanmarlanguage.org/unicode/zawgyi-unicode-conversions-tips-tricks-and-risks (ဇော်ဂျီမှ ယူနီကုဒ် အပြောင်းအလဲ အတွက် စွန့်စားခန်းများ နှင့် အကြံပေးချက်များ)

http://www.myanmarlanguage.org/unicode/myanmar-fonts-which-follow-unicode-rules (ယူနီကုဒ် စံနှုန်း လိုက်နာသော စာလုံးဖောင့်များ)

http://www.myanmarlanguage.org/unicode-websites (ယူနီကုဒ် ဖြင့်ရေးသားသော အင်တာနက် စာမျက်နှာများ)

http://bit.ly/Wqcjqy (ဇော်ဂျီ၏ ရှေ့ရေး)

http://bit.ly/gACEzM (ယူနီကုဒ် စာလုံး စီစဉ်ပုံ)

Posted in opinion (ကိုယ်ယုံကြည်ရာ) | Tagged , , , | Leave a comment