“တယောက်မှ မလျှော့စေရ” (Not One Less)

click here to read in pdf
တရုတ်ပြည်ကြီး တိုးတက်တယ် ဆိုတာ တကယ်လား။ မြို့ကြီးတွေ မှာ စက်ရုံတွေ၊ တိုးတက်မှုတွေ သွားစု နေသလား။ တောင်တန်းတွေထဲ က ရွာလေး တစ်ရွာမှာ ဘက်စ်ကားခ တရုတ်ငွေ ၂၀ ယွမ် (၃ ဒေါ်လာ ကျော်ကျော်၊ မြန်မာငွေ ၂၄၀၀ ကျော်ကျော်) မတတ်နိုင်လို့ မြို့ကို လမ်းလျှောက်တဲ့ အသက် ၁၃ နှစ်အရွယ် မူလတန်းပြ ဆရာမ တစ်ယောက် ကို ကြည့်ချင်ပါသလား။ ကျောင်းသား ၂၆ ယောက် ကိုကာကိုလာ သံဗူး နှစ်ဗူးကို မျှသောက်ရတဲ့ အကြောင်းအရင်းကို သိချင်ပါသလား။ တခါတလေ မှာ ကျနော် တို့ ထင်နေတဲ့ တရုတ်ပြည်နဲ့ တကယ့် လက်တွေ့လေး တွေကို ရိုက်ပြတဲ့ “တယောက်မှ မလျှော့စေရ” (Not One Less) က ပြတဲ့ အကြောင်းအရာလေးတွေ ဟာ ကျနော်တို့ ရဲ့ ထင်မြင်ချက်တွေကို ပြောင်းလဲစေမှာပါ။ ကျနော် က တော့ ဒီလိုမျိုး ရုပ်ရှင်လေးတွေကို ပိုသဘောကျပါတယ်။

ဇာတ်လမ်းလေး က တော့ ရိုးရှင်းပါတယ်။ စကားပြောခန်းတွေလည်း အများကြီးပါ ပါတယ်။ နာမည်ကြီး ဒါရိုက်တာ ကျန်းရီမို့ (Zhang Yimou) ရိုက်တာပါ။ သူရိုက်ထားတဲ့ “အိမ်အပြန်လမ်း” (The road home ) ဆိုရင်လည်း မြန်မာပြည်မှာ “ထာဝရ အလင်းတန်းများ” ဆိုပြီး ကျောရိုးလေး ယူရိုက်တာ အကယ်ဒမီ တွေ တလှေကြီးရသွားပါတယ်။ အခု ဇာတ်လမ်းလေးကို မြန်မာပြည်က ဒါရိုက်တာတွေ ကျကျနန အတုယူရိုက်ကြမယ် ဆိုရင် အကယ်ဒမီတွေ အများကြီး ရနိုင်တဲ့ ရုပ်ရှင်တစ်ခုပါ။ ကျနော် ပြောတာတောင် နောက်ကျနေမလား မသိဘူး။ ကိုသားစိုး ဆိုတဲ့ သီချင်းလေး ကို တောင် သတိရသွားတယ်။

“ဟိုလူတွေ ကော်ပီ ဆို၊ ဒီလူတွေ ကော်ပီ ဆို…ကျနော်တို့လည်း ကော်ပီဆိုမလို့၊ တစ်ပုဒ်လောက်တော့ ချန်ထားပေးပါ။….မရတော့ ဘူး။ မရှိတော့ဘူး။ မင်းပြောတာက နောက်ကျသွားပြီ။”

နာမည်ကြီး သရုပ်ဆောင် တစ်ယောက်မှ မပါပါဘူး။ သရုပ်ဆောင် အလုပ် လုပ်နေတဲ့ သရုပ်ဆောင်တွေလည်း မပါ ပါဘူး။ သာမန်လူတွေကို တင်ရိုက်ထားတာပါ။ အိုင် အမ် ဒီ ဘီ (IMDb) ရဲ့ အဆိုအရတော့ သဘာဝ ကျကျ အပြောအဆို၊ အလုပ်အကိုင်တွေ လိုချင်လို့ လျှို့ဝှက် ကင်မရာတွေ နဲ့ပါရိုက်ခဲ့ရပါတယ်။ ကျနော် က ဒီဇာတ်လမ်း ကို “အိမ်အပြန်လမ်း” (The road home ) ထက်ပိုကြိုက်ပါတယ်။ စကားအများကြီး ပြောတယ် ဆိုပေမဲ့ နေ့စဉ် လှုပ်ရှားမှု အများကြီးကို အသေးစိတ်ရိုက် ပြထားတာပါ။ အိမ်အပြန်လမ်း ဇာတ်လမ်းက ကျောင်းဆရာ တစ်ယောက် ကို ဇွဲကြီးကြီး နဲ့ မေတ္တာရှိခန်းတွေ ကို အသားပေးထားပေမဲ့ ဒီ ဇာတ်လမ်းမှာ ၁၃ နှစ် အရွယ် အစားဝင်ရတဲ့ ဆရာမ တစ်ယောက် ရဲ့ ဇွဲ၊ စေတနာ ကို အသားပေးထားပါတယ်။ ထာဝရ အလင်းတန်းများမှာ တော့ ဘာကို အသားပေးထားလဲ ဆိုတာ မကြည့်ရသေးတော့ မသိပါဘူး။ အခု ဇာတ်လမ်းကတော့ ၁၃ နှစ်အရွယ် မူလတန်းအောင် ထားတဲ့ အခြားရွာသူ တစ်ယောက်ကို အစားထိုး ဆရာမ အနေနဲ့ မူလတန်း ကျောင်းလေးမှာ တစ်လ အစားထား တာနဲ့ စပါတယ်။ ဆရာမ အသက်က ကျောင်းသားတွေ အသက် နဲ့ မတိမ်းမယိမ်းပါ။  ဆရာမလေး အနေနဲ့ တစ်နေ့ သင်ခန်းစာ တစ်ခု ရေးပေးရမှာ ဖြစ်ပြီး မူလ ကျောင်းဆရာ ပြန်လာလို့ ကျောင်းသား တစ်ယောက်မှ မလျှော့ဘူး ဆိုရင် ယွမ် ၆၀ (၁၀ ဒေါ်လာ သာသာ၊ မြန်မာငွေ ၈၀၀၀ ကျော်) ရမှာ ဖြစ်ပါတယ်။ မူလတန်းကျောင်းလေးမှာ ၁ ယွမ် ( ဒေါ်လာ ၁၆ ဆင့်၊ မြန်မာ ငွေ ၁၂၈ ကျပ် ကျော်ကျော်) သာ ပေးရတဲ့ မြေဖြူတစ်ဗူး မဝယ်နိုင်တဲ့ အတွက် မြေဖြူခဲလေး တွေကို ဘယ်လို ချွေတာ ရေးရသလဲဆို တာကို လည်းကြည့်ကြရမှာပါ။ ဆင်းရဲလို့ ကျောင်းဆက်မတက် နိုင်တော့ တဲ့ ကလေး တွေ မြို့တက်ပြီး အလုပ်ရှာ ကြတာကိုလည်း ရိုက်ပြထားပါတယ်။ ကလေး တစ်ယောက်ဟာ မြို့မှာ တနေ့လုပ်ရင် ၂ ယွမ် (ဒေါ်လာ ၃၃ ဆင့်၊ မြန်မာ ငွေ ၂၇၀ နီးပါး) ရပါတယ်။ အဲဒီ ငွေဟာ တော မှာ အုတ်သယ် လို့ ရတဲ့ ပိုက်ဆံထက် အများကြီး ပိုသာပါတယ်။ ဆရာမက ကျောင်းသားတွေကို ဘယ်လောက် တောင် ကျောင်းမှာပဲ ရှိစေချင်သလဲ ဆိုရင် ….အားကစား သင်တန်း ကျောင်း က သူ့  ကျောင်းသူ တစ်ယောက်ကို အပြေးမြန်လို့ ဆိုပြီး သေသေချာချာ လေ့ကျင့် ပေးဖို့ လာခေါ်တာတောင် ဆရာမ က အဲဒီ ကျောင်းသူကို ဝှက်ထားလိုက်ပါတယ်။ အဲဒီ အခန်းလေး ကတော့ ကြည့်ရှု့သူတွေ ကို မချိတင်ကဲ ဖြစ်စေမှာ အမှန်ပါပဲ။ ဒါကလည်း တရုတ်ပြည် က လက်ရှိ အခြေအနေတွေ ထဲ က တစိတ်တပိုင်းပါ။ သရုပ်ဆောင်တွေ က သာမန်လူတွေ ဖြစ်လို့ တောင့်တောင့် ကြီးတွေ ဖြစ်နေတယ် ထင်ရပေမဲ့ မြန်မာကားတွေ ထဲ က လို မလိုအပ်ပဲ ဟန်ကြီး ပန်ကြီး နဲ့ မဲ့ရွဲ့ပြောတဲ့ မျက်နှာတွေ ထက်သာပါတယ်။ ကျနော်လည်း မြန်မာကားတွေ နဲ့ မြန်မာပြည် က အကြောင်းတွေ ကို မပုတ်ခတ်ပဲ စာ မရေးတတ်တော့ ဘူး ထင်ပါတယ်။ ဇာတ်ကား နောက်ပိုင်းတွေမှာ မြို့တက်ပြီး အလုပ်သွားလုပ်တဲ့ ကျောင်းသားကို ကျောင်းပြန်လာဖို့ လိုက်ခေါ်တဲ့ အခန်းတွေကလည်း ရင်နင့်စရာပါ။ ကင်မရာရှေ့မှာ ကျောင်းသားကို ပြန်လာဖို့ ခေါ်နေရင်း နဲ့ ငိုမဲ့မဲ့ ဖြစ်လာပြီး မျက်ရည် ကျလာတဲ့ အခန်းဆိုရင် မြန်မာကားတွေ ထဲမှာ ငိုကြီး ချက်မ၊ အော်ကြီးဟစ်ကျယ် ငိုပြတဲ့ အခန်းတွေ ထက် အများကြီး တာသွားပါတယ်။ နောက်ပြီး တိုးတက်နေပါတယ် ဆိုတဲ့ တရုတ်ပြည်မှာ တောင် ဒီလို ဆင်းရဲမှုမျိုးတွေ ရှိနေသေးရင် …ကျနော် တို့ ရဲ့ မြန်မာပြည်ကြီးမှာ ဘယ်လို အခြေအနေ ရှိမလဲ ဆိုတာ မတွေးဝံ့စရာပါ။ ဇာတ်ကား နောက်ဆုံး စာတန်းထိုးတော့ တရုတ်ပြည်မှာ ဆင်းရဲလို့ ကျောင်းထွက်ရတဲ့ ကလေးငယ် တစ်နှစ် ကို တစ်သန်း ကျော်ရှိပါသတဲ့။ စေတနာရှင်တွေ ရဲ့ ကူညီမှုကြောင့် ကျောင်းပြန်တက်နိုင်တဲ့ ခလေး က ၁၅ ရာခိုင်နှုန်း ရှိပါသတဲ့။ ကျနော် တို့ ဆီမှာကော….။ အဲဒီတော့ နောက်ဆုံး ပြောချင်တာက ….တရုတ်ပြည် အကြောင်း နည်းနည်းပို သိချင်ရင် ဒီ ကားလေးကို ကြည့်ပါ။ တိုးတက်နေတဲ့ တရုတ်ပြည် က ပြည်သူတွေ ထဲမှာ ဘယ်သူတွေ ဆင်းရဲပြီး ကျန်ခဲ့ သလဲ ဆိုတာ ကွက်ကွက်ကွင်းကွင်း ပြထားပါတယ်။ မြန်မာ ဒါရိုက်တာတွေ အနေနဲ့လည်း အကယ်ဒမီ မှန်းလို့ ရတဲ့ဇာတ်လမ်း​ရှာနေတယ် ဆိုရင်တော့ ဒီ ကားကို သာ ကျကျနန ကူးချ မြန်မာမှု ပြုကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

Advertisements
This entry was posted in movies review (ရုပ်ရှင် ရည်ညွှန်း) and tagged , , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s