ဘာမင်ဟမ် အကျဉ်းထောင်မှ ပေးစာ (မာတင်လူသာကင်း၊ ဂျုနီယာ) (ဒုတိယပိုင်း)

ဘာမင်ဟမ် အကျဉ်းထောင်မှ ပေးစာ (မာတင်လူသာကင်း၊ ဂျုနီယာ)

(ဒုတိယပိုင်း)

အဲဒါဆိုရင် အဲဒီ မတရားတာ နဲ့ တရားတာ ဘယ်လို ကွာခြားသလဲ။ လူတစ်ဦးတစ်ယောက် အနေနဲ့ ဥပဒေ တစ်ခု တရားသလား၊ မတရား သလား ဆိုတာ ဘယ်လို ဆုံးဖြတ်မလဲ။ တရားတဲ့ ဥပဒေ ဆိုတာ လူတွေ က ရေးဆွဲပြီး လူကျင့်ဝတ် သိက္ခာ အရရော၊ ဘုရားသခင် သတ်မှတ်ထားတဲ့ ပညတ်တွေ အရရော ညီညွှတ်တဲ့ ဥပဒေတွေ ဖြစ်ပါတယ်။ မတရားတဲ့ ဥပဒေ ဆိုတာ အကျင့်သိက္ခာပိုင်း ဆိုင်ရာနဲ့ အံဝင်ခွင်ကျ မဖြစ်တဲ့ ဥပဒေမျိုးပါ။ စိန့်သောမတ်စ် အကွီနာ( St. Thomas Aquinas) ပြောခဲ့တဲ့ အတိုင်းပြောရရင် မတရားတဲ့ ဥပဒေ ဆိုတာ အမြဲ မှန်ကန်ခြင်းတရားတွေ၊ သဘာဝတရားတွေ အပေါ်အခြေမခံတဲ့ ဥပဒေ ဖြစ်ပါတယ်။ လူတွေရဲ့ အရည်အသွေး၊ အကျင့် စာရိတ္တ ကို မြှင့်တင်တဲ့ ဥပဒေတွေ ဟာ တရားတဲ့ ဥပဒေတွေပါ။ လူတွေရဲ့ အရည်အသွေး၊ အကျင့် စာရိတ္တ ကို နှိမ့်ချပစ်တဲ့ ဥပဒေတွေ ဟာ မတရားဥပဒေတွေ ဖြစ်ပါတယ်။ ခွဲခြားဖိနှိပ်တဲ့ ပြဋ္ဌာန်းချက်တွေ အကုန်လုံးဟာ မတရားပါ။ ဘာကြောင့်လဲ ဆိုတော့ ခွဲခြားမှုဟာ လူတွေရဲ့ အရည်အသွေး အကျင့်စာရိတ္တကို ထိခိုက်စေပြီး စိတ်ဓာတ်ရေးရာကို ပျက်စီးစေလိုပါပဲ။ ခွဲခြားမှု က ခွဲခြားသူကို လွဲမှားတဲ့ ဘဝင်လေဟပ်စေပြီး ခွဲခြားခံရသူကို လွဲမှားတဲ့ စိတ်အားငယ်မှု ကို ဖြစ်စေတယ်။ ဂျုးလူမျိုး အတွေးအခေါ်ပညာရှင် မာတင် ဘူဘာ (Martin Buber) ရဲ့ အသုံးကို ယူသုံးရရင် ခွဲခြားခြင်းဟာ “လူသားချင်း ဆက်ဆံမှု” နေရာမှာ “လူသား နဲ့ ကုန်ပစ္စည်း” ဆက်ဆံရေး ကို ဖြစ်ထွန်းစေပြီး လူတွေ ကို ကုန်ပစ္စည်း အဆင့် သတ်မှတ်ချက် ဖြစ်စေပါတယ်။ ဒါကြောင့်မို့လို့ ခွဲခြားခြင်းဟာ နိုင်ငံရေး အရကော၊ စီးပွားရေးအရကော၊ လူမှုရေးအရကော မမှန်ပါဘူး။ အကျင့် သိက္ခာပိုင်းအရ လည်း မှားယွင်းပြီး အပြစ်ရှိပါတယ်။ ခွဲခြားတာဟာ အပြစ် ဖြစ်ပါတယ် လို့ ပေါလ် တစ်လစ်ချ် (Paul Tillich) က ပြောခဲ့ပါတယ်။ ခွဲဲခြားခြင်း ဆိုတာ လူသားတစ်ယောက် ဖြစ်တည်မှု ကို ပိုင်းခြားလိုက်ပြီး တစိမ်းပြင်ပြင်ဖြစ်စေတဲ့ အပြင် လူတစ်ယောက် အဖို့ ဆိုးဆိုးရွားရွား ကျုးလွန် နိုင်တဲ့ အပြစ် မဟုတ်လား။ အဲဒါကြောင့်မို့လို့ ကျွန်ုပ် အနေနဲ့ လူအများကို အကျင့် သိက္ခာပိုင်းအရ မှန်ကန်တဲ့ ၁၉၅၄ ခုနှစ် တရားရုံးချုပ် အမိန့်ကို လိုက်နာဖို့ တိုက်တွန်းနိုင်ပြီး အကျင့်သိက္ခာပိုင်း အရ မှားယွင်းနေတဲ့ ခွဲခြားတဲ့ ပြဋ္ဌာန်းချက်တွေကို ဖီဆန်ဖို့ တိုက်တွန်းရခြင်း ဖြစ်ပါတယ်။

တရား တဲ့ ဥပဒေ နဲ့ မတရားတဲ့ ဥပဒေ တွေကို လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ဥပမာတွေ နဲ့ စဉ်းစားကြည့်ကြရအောင်။ မတရားတဲ့ ဥပဒေ ဆိုတာ လူအများက (အာဏာအများစုရှိတဲ့ လူအစုအဖွဲ့က ဖြစ်စေ၊ လူဦးရေ များတဲ့ လူအစုအဖွဲ့ကဖြစ်စေ) လူအနည်းစု ကို လိုက်နာဖို့ ပြုလုပ် ထားပြီး သူတို့ ကိုယ်တိုင်တော့ လိုက်နာ စရာ မလိုတဲ့ ဥပဒေတွေပါ။ အဲဒီ ကွဲပြားမှုကို တရားဝင်ဖြစ်အောင်လုပ်ပါတယ်။ ထိုနည်းလည်းကောင်းဘဲ တရားတဲ့ ဥပဒေဆိုတာ လူအများစု က လူအနည်းစု ကို လိုက်နာအောင် ပြုလုပ်ပြီး သူတို့ ကိုယ်တိုင်လည်း လိုက်နာကြပါတယ်။ နောက်ထပ် ရှင်းပြပါ့မယ်။ မတရားတဲ့ ဥပဒေဆိုတာ လူနည်းစု ကို မဲ ပေးလို့ မရအောင် ပြုလုပ်ထားပြီး ဥပဒေပြုရေးမှာ ပါဝင်ခွင့်မရှိအောင် ထိခိုက်နစ်နာ စေတဲ့ ဥပဒေတွေပါ။ ပြည်နယ် အတွင်းမှာ ခွဲခြားဖိနှိပ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းတဲ့ အယ်လဘာမား (Alabama) ပြည်နယ် ဥပဒေပြု လွှတ်တော်ဟာ ဒီမိုကရေစီ နည်းကျ ရွေးကောက်ထားပါတယ်လို့ ဘယ်သူ ပြောနိုင်ပါလဲ။အယ်လဘာမား ပြည်နယ် တစ်ခုလုံးမှာ နီဂရိုးတွေကို မှတ်ပုံတင်ပြီး မဲစာရင်းထဲ မပါစေဖို့ နည်းလမ်းပေါင်းစုံ သုံးပိတ်ပင်ထားပြီး နီဂရိုး အများစု ရှိတဲ့ မြို့နယ် က မဲစာရင်းမှာ နီဂရိုး တစ်ယောက်တောင်မှ မဲစာရင်းထဲ မှတ်ပုံတင် နာမည် မပါ ပါဘူး။ အဲဒီလို အခြေအနေမျိုးမှာ ပြဋ္ဌာန်းတဲ့ ဥပဒေမျိုး ကို ဒီမိုကရေစီ နည်းကျကျ တည်ဆောက်ထားတယ် လို့ ပြောလို့ရပါသလား။

တခါတရံမှာတော့ ဥပဒေတွေဟာ အပေါ်ယံမှာ တော့ တရားသယောင် ထင်ရပြီး လက်တွေ့မှာတော့ မတရားတာ မျိုးလည်း ဖြစ်တတ်ပါတယ်။ ဥပမာအားဖြင့် ကျွန်ုပ် အဖမ်းခံရတာဟာ ခွင့်ပြုချက်မရှိဘဲ စီတန်းလှည့်လည် လို့ပါ။ စီတန်း လှည့်လည်ဖို့ အတွက် ခွင့်ပြုချက် ယူရတဲ့ ပြဋ္ဌာန်းချက်ဟာ ဘာမှ မမှားပါဘူး။ ဒါပေမဲ့ အဲဒီ ပြဋ္ဌာန်းချက် ဟာ ခွဲခြားဖိနှိပ်မှု ကို ဆက်လက်တည်တံ့စေဖို့ နဲ့ တိုင်းသူပြည်သားတွေ ရဲ့ အခြေခံဥပဒေ ပထမအကြိမ် ပြင်ဆင်ချက်ထဲ က အခွင့်အရေး ဖြစ်တဲ့ လွတ်လပ်စွာ စုဝေးခွင့် နဲ့ ဆန္ဒပြခွင့်တွေကို ဖိနှိပ်ဖို့ အတွက် သုံးတဲ့ အခါ မတရားတဲ့ ဥပဒေ ဖြစ်လာပါတယ်။

ခင်ဗျားတို့ ကျနော် ကြိုးစားပြီး ရှင်းပြနေတဲ့ အချက်တွေကို မြင်နိုင်မယ် လို့ မျှော်လင့်ပါတယ်။ ခွဲခြားသူတွေလိုမျိုး ဥပဒေတွေကို ရှောင်ရှားဖို့၊ ဖီဆန်ဖို့ ရှေ့နေလိုက်နေတာ မဟုတ်ပါဘူး။ ဒါမျိုးတွေ လုပ်ရင် စည်းမရှိ ကမ်းမရှိ ဖြစ်ကုန်မှာပါ။ မတရားတဲ့ ဥပဒေတွေကို ဖီဆန် ဖောက်ဖျက်တဲ့ သူအနေနဲ့ ပွင့်ပွင့်လင်းလင်း၊ နစ်နာလိုစိတ် မရှိဘဲ လုပ်ရမှာ ဖြစ်ပြီး ပေးတဲ့ ပြစ်ဒဏ်ကို ခံယူဖို့ စိတ်ရှိနေရပါ့မယ်။ ကျွန်ုပ်ပြောလိုတာကတော့ လူ တစ်ဦးတစ်ယောက်က လူအဖွဲ့အစည်းထဲမှာဖြစ်ပေါ်နေတဲ့ မတရားမှုတွေအပေါ် အဲဒီ လူ့အဖွဲ့အစည်း အနေနဲ့ အသိတရားဖြစ်ပေါ်လာဖို့အတွက် မတရားတဲ့ ဥပဒေတွေကို သိသိကြီး နဲ့ ဖီဆန် ချိုးဖောက်ပြီး ထောင်ဒဏ် အပြစ် ပေးချက် ကို ကျေကျေနပ်နပ် နဲ့ ခံယူခြင်းဟာ ဥပဒေကို အမြင့်ဆုံး အနေနဲ့ လေးစားလိုက်နာပြ ခြင်းပါ။

ဒါမျိုး အကြမ်းမဖက် အာဏာ ဖီဆန်မှု ဆိုတာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ကျင့်ဝတ် သိက္ခာဥပဒေ အပေါ် ရပ်တည်ပြီး နီပါးချပ် ဒါနတ်ဇာ (Nebuchadnezzar) ဘုရင်ရဲ့ အမိန့်ကို
ဖီဆန် ခဲ့တဲ့ ရှာဒါရက်ချ် (Shadrach)၊ မက်ရှရက်ချ် (Meshach) နဲ့ အက်နီဂို (Abednego) တို့ရဲ့ အဖြစ်က သက်သေပါ။ ( စကားချပ်။ ။ ၎င်းတို့ သုံးဦးသည် ဘေဘီလုံဘုရင်၏ မီးလောင်တိုက်သွင်းမှု မှ ဘေးမသီ ရန်မခ လွတ်မြောက်လာခဲ့သည်။ ကိုးကား http://www.thefreedictionary.com/abednego) အကြမ်းမဖက် အာဏာဖီဆန်မှု ဆိုတာ ရှေးဦး ခရစ်ယာန် တွေ အနေနဲ့ ခြငေ်္သ့ လှောင်အိမ် အသွင်းခံ၊ ခေါင်းဖြတ်စက် အသတ်ခံပြီး ရောမ အင်ပါယာ ရဲ့ မတရားဥပဒေတွေကို ဆန်ကျင် ဖီဆန်တဲ့ နေရာမှာ ကောင်းကောင်းကျင့်သုံး ခဲ့ကြတာပါ။ ဆိုကရေတီး (Socrates) ရဲ့ အကြမ်းမဖက် အာဏာ ဖီဆန်မှု ကြောင့်သာ ယနေ့ ခေတ် တက္ကသိုလ်အသိုင်းအဝိုင်းမှာ လွတ်လပ်ခွင့် အသင့်အတင့် ရနေတာပါ။ ကျွန်ုပ်တို့ နိုင်ငံမှာ ဆိုရင်လည်း ဘောစတွန်မြို့မှာ လက်ဖက်ခြောက် တွေ ပင်လယ် ထဲ ကို လွှတ်ပစ်ခဲ့တာဟာလည်း အကြမ်းမဖက် အာဏာ ဖီဆန်မှု ကို ကိုယ်စားပြုနိုင်ပါတယ်။

ဂျာမနီ မှာ ဟစ်တလာ လုပ်သမျှဟာ တရားဝင် ပြီးတော့ ဟန်ဂေရီ မှာ ဟန်ဂေရီ လွတ်လပ်ရေး တိုက်ပွဲဝင်သူတွေ လုပ်သမျှဟာ တရားမဝင် ဖြစ်ဖူးတယ် ဆိုတာ ကျွန်ုပ်တို့ ဘယ်တော့ မှ မမေ့သင့်ပါဘူး။ ဂျာမနီမှာ ဂျုးတွေကို ကူညီ စောင့်ရှောက်ပေးခြင်းဟာ အပြစ်ပေးခံရနိုင်ပါတယ်။ အဲဒီလို အပြစ်ပေးခံရမယ် ဆိုရင်တောင်မှ အဲဒီအချိန် ကျွန်ုပ် ဂျာမနီမှာသာ ရှိခဲ့မယ် ဆိုရင် ဂျုးတွေကို ကူညီ စောင့်ရှောက်ပေးမိ မှာ ဖြစ်ပါတယ်။ အကယ်၍ ယနေ့ အချိန်အခါမှာ ကျွန်ုပ်သာ ခရစ်ယာန် ဘာသာရေး အယူဝါဒ တချို့ကို နှိပ်ကွပ်တဲ့ ကွန်မြူနစ် နိုင်ငံမှာ သာ ရှိခဲ့ရင် အဲဒီ တိုင်းပြည်ရဲ့ ဘာသာရေး တိုက်ဖျက်တဲ့ ဥပဒေတွေကို ဖီဆန်ဖို့ ပြောင်ပြောင်တင်းတင်း ရှေ့နေလိုက်ပေးမှာပါဘဲ။

ကျွန်ုပ် ရဲ့ ခရစ်ယာန် နဲ့ ဂျုး ညီအကို များကို ရိုးရိုးသားသား ဝန်ခံ စရာ နှစ်ခု တော့ ရှိပါတယ်ယ။ ပထမ တစ်ခုကတော့ ပြီးခဲ့တဲ့ နှစ်တွေ အတွင်းမှာ လူဖြူ အလယ်အလတ်သမားတွေ ကြောင့် ကျနော် တော်တော်ကြီး ကို စိတ်ပျက်ခဲ့ရပါတယ်။ နီဂရိုးတွေ ရဲ့ လွတ်မြောက်ရာ လမ်းကြောင်းမှာ အကြီးအကျယ် ပိတ်ဆို့နေတာဟာ လူဖြူတွေ ကြီးစိုးထားတဲ့ ကောင်စီ (White Citizens Council) (စကားချပ်။ ။၎င်းကောင်စီသည် လူဖြူ လူမည်း တန်းတူညီမျှမှု ကို ဆန့်ကျင်သည်။ကိုးကား။ ။ http://encyclopedia.thefreedictionary.com/White+Citizens+Council) ဒါမှ မဟုတ် ကူကလက်စ် ကလန် (Ku Klux Klan – KKK)( စကားချပ်။ ။ ၎င်းဂိုဏ်းသည် လူဖြူ ကြီးစိုးရေးဝါဒကို အကြမ်းဖက်နည်းလမ်းဖြင့်ဆောင်ရွက်သော ဂိုဏ်း ဖြစ်သည်။ ကိုးကား။ ။http://www.thefreedictionary.com/ku+klux+klan ) အဖွဲ့သားတွေ မဟုတ်ဘဲ တိုင်းပြည် တည်ငြိမ်ရေးကို တရားမျှတရေး ထက် ပိုပြီး ဦးစားပေးတဲ့ လူဖြူ အလယ်အလတ်သမားတွေ ဖြစ်နေတယ်လို့ စိတ်မကောင်းစွာနဲ့ သတ်မှတ် မိတော့ မလိုတောင် ဖြစ်ခဲ့ပါသေးတယ်။ အဲဒီလူတွေ ဟာ “ကျနော် တို့ ခင်ဗျားတို့ လိုချင်တဲ့ ပန်းတိုင်ကို သဘောတူပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ လုပ်နေတဲ့ တိုက်ရိုက် ဆန္ဒပြမှု တွေ နဲ့ သဘောမတူပါဘူး” လို့ တောက်လျှောက်ပြောဆိုနေခဲ့ပြီး တရားမျှတမှု ရှိတဲ့ အပေါင်းလက္ခာဆောင်တဲ့ ငြိမ်းချမ်းရေး အစား တင်းမာမှု မရှိတဲ့ အနှုတ်လက္ခာဆောင်တဲ့ ငြိမ်းချမ်းရေးကို သာ လိုလားနေသူတွေ ဖြစ်နေပါတယ်။ လူတစ်ယောက် ရဲ့ လွတ်လပ်ခြင်းကို အဲဒီလူရဲ့ အဖေ တစ်ယောက်လို အချိန်ဇယားဆွဲ သတ်မှတ်ပေးလို့ ရတယ် ထင်နေတဲ့ သူတွေ၊ ယုံတမ်းပုံပြင်တွေထဲက သင့်တော်တဲ့ အချိန် ကို စောင့်ဖို့ သာ နီဂရိုးတွေကို တိုက်တွန်းနေတဲ့ သူတွေ ဖြစ်နေပါတယ်။ စိတ်ကောင်းရှိသူတွေ ရဲ့ အပေါ်ယံ နားလည်ပေးမှု တွေဟာ စိတ်ကောင်းမရှိသူတွေရဲ့ လုံးဝ နားလည်မှု လွဲမှားမှုတွေ ထက်တောင် စိတ်ပျက်ဖို့ ကောင်းပါတယ်။ ဟက်ဟက်ပက်ပက် မရှိတဲ့ လက်ခံမှု ဟာ လုံးဝ ငြင်းဆန်မှု ထက် နားလည်ရခက်ပါတယ်။

တရားဥပဒေစိုးမိုးရေး နဲ့ တည်ငြိမ်ရေး ဆိုတာ တရားမျှတမှု တည်ဆောက်ဖို့ အတွက် ရှိနေတာဖြစ်ပြီး အဲဒီ တရားမျှတဖို့ ဆိုတဲ့ ရည်ရွက်ချက် ပျောက်ဆုံးတာနဲ့ တပြိုင်နက် အဲဒီ ဥပဒေတွေ ဟာ လူနေမှု ဘဝတိုးတက်ဖို့ ပိတ်ပင်ထားတဲ့ အတားအဆီးအဆောက်အအုံ ဖြစ်လာတာကို လူဖြူ အလယ်အလတ်သမားတွေ အနေနဲ့ နားလည် သဘောပေါက်လာဖို့ ကျွန်ုပ်အနေနဲ့ မျှော်လင့်ခဲ့ပါတယ်။ နီဂရိုးတွေဟာ သူတို့ကို နှိမ်ချထားတဲ့ အနှုတ်လက္ခဏာဆောင်တဲ့ ငြိမ်းချမ်းရေး လက်ခံထားတာကနေ လူအချင်းအချင်း ဂုဏ်သိက္ခာရှိရှိ လေးလေးစားစားဆက်ဆံပြီး အကျိုးရှိတဲ့ အပေါင်းလက္ခဏာဆောင် တဲ့ ငြိမ်းချမ်းရေး ကို ရရှိစေဖို့ လုပ်ဆောင်တဲ့ အပြောင်းအလဲမှာ ဒီတင်းမာမှုတွေ လိုအပ်တယ်ဆိုတာ လူဖြူ အလယ်အလတ်သမားတွေ နားလည်လိမ့်မယ် လို့ ကျွန်ုပ်မျှော်လင့်ခဲ့မိပါတယ်။ တကယ်တမ်း ပြောရရင် အကြမ်းမဖက် တိုက်ရိုက် ဆန္ဒပြမှု ကို လုပ်ဆောင်နေတဲ့ ကျွန်ုပ်တို့ က ဒီတင်းမာမှု ကို ဖန်တီးတာ မဟုတ်ပါဘူး။ ကျွန်ုပ်တို့က ဖုံးကွယ်ထားတဲ့ ဒီတင်းမာမှု တွေကို ဖော်ထုတ် ပြသတာဘဲ ရှိပါတယ်။ ကျွန်ုပ်တို့ ဟာ ဒီတင်းမာမှု ဖြေရှင်းလို့ ရအောင် မြင်သာထင်သာ ရှိတဲ့ နေရာရောက်လာဖို့ ဖော်ထုတ်ကြတာပါ။ အနာစိမ်း လိုဘဲ ဖုံးဖိထားသမျှတော့ ပျောက်မှာ မဟုတ်ဘဲ အကျည်းတန်း ဆိုးရွားသမျှကို သဘာဝဆေးဝါးတွေ ဖြစ်တဲ့ လေ၊ နေအလင်းရောင်တို့နဲ့ ထိတွေ့ ပြီး ကုသရမှာ ဖြစ်သလို၊ မတရားမှုမှန်သမျှကိုလည်း ဖော်ထုတ်ပြီး အဲဒီ ဖော်ထုတ်မှု ကြောင့် ဖြစ်လာတဲ့ တင်းမာမှု မှန်သမျှကိုလည်း အလင်းရောင်နဲ့ တူတဲ့ လူသားရဲ့ အသိဥာဏ်၊ လေ နဲ့ တူတဲ့ တနိုင်ငံလုံး ရဲ့ အမြင်တွေ ရှေ့မှာ ဖော်ထုတ်ပြီး ကုသရမှာဖြစ်ပါတယ်။

ခင်ဗျားတို့ ရဲ့ ထုတ်ပြန်ချက်ထဲမှာ ကျွန်ုပ်တို့ ရဲ့ ဆန္ဒပြထုတ်ဖော်မှု တွေဟာ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ပေမဲ့ အကြမ်းဖက်မှု ကို ဖြစ်စေတဲ့ အတွက် ရှုံ့ချရမယ် လို့ ပြောဆိုထားပါတယ်။ ဒီလိုပြောတာဟာ ကျိုးကြောင်းဆီလျော်ပါရဲ့လား။ ဒါမျိုးပြောဆိုတာဟာ ဘာနဲ့တူသလဲ ဆိုရင် ပိုင်ဆိုင်မှု ပစ္စည်းတွေကို ဓားပြအတိုက်ခံလိုက်ရတဲ့လူကို ခင်ဗျား ပိုင်ဆိုင်တွေကြောင့် ဒီလို ဓားပြတိုက်ခံရတာလို့ ပြောတာနဲ့ မတူဘူးလားဗျာ။ ဒါမျိုးပြောဆိုတာဟာ ဆိုကရေတီး (Socrates) ကို ခင်ဗျားရဲ့ အမှန်တရားကို စွဲစွဲမြဲမြဲ ကိုင်စွဲမှု၊ အသိဥာဏ် အတွေးအခေါ်ရှာဖွေမှုတို့ ကြောင့် အမြင်မှားတဲ့ လူတွေ ရဲ့ အဆိပ်သောက် သေခိုင်းခြင်းကို ခံရတာ လို့ ပြောတာ နဲ့ မတူဘူးလားဗျာ။ ဒါမျိုးပြောတာဟာ သခင်ယေရှု ရဲ့ ဘုရားသခင်ကို ယုံကြည်တဲ့ စိတ်၊ ဘုရားသခင်လို စိတ်ကြောင့် လက်ဝါး ကပ်တိုင်မှာ အသတ်ခံရတာ လို့ ပြောတာနဲ့ မတူဘူးလားဗျာ။ ကျွန်ုပ်တို့ ဟာ ဗဟိုတရားရုံးက တောက်လျောက် အဆုံးအဖြတ်ပေးခဲ့တဲ့အတိုင်း အကြမ်းဖက်မှု တွေ ဖြစ်ပေါ်လာမှာ စိုးပြီး အခြေခံ ဖွဲ့စည်းပုံက လူတစ်ဦးတစ်ယောက်ချင်းဆီ ကို ပေးထားတဲ့ အခွင့်အရေးတွေ တောင်းဆိုဖို့ မလုပ်ပါနဲ့ လို့ ပြောတာဟာ မှားပါတယ် ဆိုတာ နားလည်သဘောပေါက်သင့်ပါတယ်။ လူမှု့အသိုင်းအဝိုင်း အနေနဲ့ ဓားပြအတိုက်ခံ ရသူကို အကာအကွယ်ပေးပြီး ဓားပြကို အပြစ်ပေးရပါမယ်။ လူဖြူ အလယ်အလတ်သမားတွေ အနေနဲ့ လွတ်လပ်ဖို့ အတွက် လုပ်တဲ့ နေရာမှာ အချိန် နဲ့ ဆက်စပ်လုပ်ကိုင်ရမယ်ဆိုတဲ့ ယုံတမ်းတွေကို လည်း စွန့်လွှတ်လိမ့်မယ် လို့ ကျွန်ုပ်မျှော်လင့်မိခဲ့ပါသေးတယ်။ မကြာသေးမီကဘဲ တက်ဆက် (Texas) ပြည်နယ်က လူဖြူ ညီအကို တစ်ဦး ပေးပို့တဲ့ စာတစ်စောင် လက်ခံရရှိပါတယ်။ သူရေး ထားတာက “လူမည်း တွေ အနေနဲ့ နောက်ဆုံးမှာ တူညီတဲ့ အခွင့်အရေး တွေ ရမယ် ဆိုတာ ခရစ်ယာန် အားလုံး သိပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ အလောတကြီး လုပ်နေတာလည်း ဖြစ်နိုင်တယ်။ ခရစ်ယာန် ဘာသာ အနေနဲ့ အခုလို အခြေအနေရောက်ဖို့ အတွက် အနှစ် နှစ်ထောင် နီးပါး အချိန်ယူခဲ့ရတယ်။ သခင်ယေရှု ရဲ့ သင်ကြားမှုတွေ ကမ္ဘာမြေက လူတွေ နားလည်ဖို့ ဆိုတာ အချိန်လိုပါတယ်။” လို့ရေးခဲ့ပါတယ်။ ယခုလိုမျိုး စိတ်ဓာတ်ဟာ အချိန် ဟာ အရာရာကို ကုစားသွားမှာ ပါဆိုတဲ့ ထူးဆန်းဖို့ ကောင်းတဲ့ ယုတ္တိမတန်တဲ့ အကြောင်းပြချက်တွေ၊ အချိန် အပေါ် လွဲမှားတဲ့ နားလည်မှု တွေမှာ အခြေခံနေပါတယ်။ တကယ်တမ်းပြောရရင် အချိန်ဟာ ဘယ်သူဘက်မှ မလိုက်ပါဘူး။ အချိန်ကို အကျိုးရှိဖို့ သုံးနိုင်သလို၊ ပျက်စီးစေဖို့လည်း သုံးလို့ရပါတယ်။ စိတ်ကောင်းမရှိတဲ့ လူတွေဟာ စိတ်ကောင်းရှိတဲ့ လူတွေထက် အချိန်ကို ပိုပြီး ကောင်းကောင်းအသုံးချနေတယ်လို့ ကျွန်ုပ် ခံစားရပါတယ်။ ဒီမျိုးဆက်မှာ ဝစီပိတ်နေကြတဲ့ လူကောင်းတွေရဲ့ ပါးစပ်ပိတ်နေမှု ကိုရော၊ လူဆိုးတွေရဲ့ မုန်းတီးဆဲဆိုမှုတွေ နဲ့ လုပ်ရပ်တွေ အတွက်ပါ ကျွန်ုပ်တို့ ဝန်ချတောင်းပန်ကြရမှာပါ။ လူသမိုင်းတလျောက် ဖြစ်ထွန်းတိုးတက်မှု တိုင်းဟာ အလိုအလျောက် ဖြစ်ချိန်တန်လို့ ဖြစ်လာတယ် ဆိုတာ မရှိခဲ့ပါဘူး။ ဘုရားသခင် ရဲ့ လုပ်ဖော်ကိုင်ဖက်အဖြစ် အတူအတွ လုပ်ဆောင်ခဲ့တဲ့ လူတွေရဲ့ မဆုတ်မနစ် ကြိုးပမ်းမှုကြောင့် ဖြစ်ထွန်းခဲ့တာချည်းပါဘဲ။ အလုပ်ကြိုးပမ်းမှု မရှိဘဲနဲ့တော့ အချိန်ဟာ လူနေမှု အဆင့်အတန်း နောက်ကျ ခြင်းဘက် ကိုဘဲ အကူအညီပေးနေမှာပါဘဲ။ ကျွန်ုပ်တို့ အချိန် ကို တန်ဖိုးရှိရှိ အသုံးချပြီးတော့ မှန်တာ လုပ်ဖို့ အတွက် အချိန်ဟာ အမြဲတမ်း အဆင်သင့်ရှိနေတယ် ဆိုတာ နားလည်ရပါမယ်။ ယခုအချိန်ဟာ ဒီမိုကရေစီ အတွက် ကတိ အစစ်အမှန်ကို ပေးရမယ် အချိန်ဖြစ်ပြီး နိုင်ငံအနှံ့ ငိုကြွေးသံတွေကို ညီအကိုတွေ အဖြစ် ချီးမြှောက်အားပေးသံတွေ အဖြစ် ပြောင်းလဲရမှာပါ။ ယခုအချိန်မှာ သဲဗွက် နဲ့တူတဲ့ လူမျိုးရေး ဖိနှိပ်ခွဲခြားတဲ့ နိုင်ငံရဲ့ မူဝါဒ ကနေ လူသားဂုဏ်သိက္ခာကို လေးစားတဲ့ မူဝါဒ မြေမာ ကျောက်တုံး ပေါ်ကို ဆွဲတင်ရမှာပါ။

ခင်ဗျားတို့ က ဘာမင်ဟမ်မှာ ကျွန်ုပ်တို့ လုပ်ရပ်တွေကို အစွန်းရောက်တယ် လို့ ပြောကြတာပေါ့။ ကျွန်ုပ်တို့ ရဲ့ အကြမ်းမဖက် ကြိုးပမ်းမှုတွေ ကို အစွန်းရောက်တွေရဲ့ လုပ်ရပ်လို့ မြင်တဲ့ အတွက် ပထမတော့ ကျနော် တော်တော် စိတ်ပျက်မိပါတယ်။ အဲဒီမှာဘဲ ကျွန်ုပ်ဟာ ဆန့်ကျင်ဘက် နီဂရိုး အသိုင်းအဝိုင်းနှစ်ခု အကြားမှာ အလယ်တည့်တည့်ကြီးမှာ ရပ်နေတယ် လို့ သဘောပေါက်လာခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ဖိနှိပ်ခွဲခြားမှုတွေ ကြောင့် ကိုယ်ဘာသာကိုယ်လေးစားမှု ပျောက်နေတဲ့အပြင် ငါဟာ လူသား တစ်ဦးပါလား ဆိုတာ မေ့လျော့နေပြီး ဒီ ခွဲခြားမှု ကို အလိုက်အထိုက် နေရမယ် လို့ သဘောထားတဲ့ နီဂရိုး အသိုင်းအဝိုင်းက တစ်ခု၊ အဲဒီ နီဂရိုး အသိုင်းအဝိုင်းဟာ ခွဲခြားဖိနှိပ်မှု ကနေ တမျိုးတဖုံ အကျိုးခံစားခွင့်ရခဲ့တဲ့ အနည်းစု နီဂရိုး အလယ်အလတ်တန်းစားတွေ ပါဝင်ပြီး ပညာရေး၊ စီးပွားရေး အသင့်အတင့် ကောင်းမွန်တဲ့ အပြင် သူတို့ဟာ လူအများစု ရဲ့ ပြဿနာတွေကို လျစ်လျုရှုထားကြပါတယ်။ နောက် အသိုင်းအဝိုင်း တစ်ခုကတော့ အမုန်းတွေ၊ ခါးသီးမှုတွေ နဲ့ ပြည့်နေပြီး အကြမ်းဖက်မှု ကို ရှေ့တန်းတင်ဖို့ နည်းနည်းလေးဘဲ လိုပါတော့တယ်။ နိုင်ငံ အနှံ့အပြားမှာ ပေါ်ပေါက်လာခဲ့တဲ့ လူမည်း အမျိုးသားလှုပ်ရှားမှု (Black nationalist) အသိုင်းအဝိုင်းတွေ ဟာ ဒီ အယူအဆကို ရှေ့တန်းတင် ဖော်ထုတ် လာခဲ့ကြပါတယ်။ အလီဂျာ မိုဟာမက် (Elijah Muhammad) ခေါင်းဆောင်တဲ့ လှုပ်ရှားမှု ဟာ အကြီးမားဆုံး နဲ့ လူသိအများဆုံး ဖြစ်မှာပါ။ ဒီလှုပ်ရှားမှု ဟာ လူမျိုးရေး ခွဲခြားဖိနှိပ်မှု ကြောင့် ဖြစ်ပေါ်လာရတဲ့ နီဂရိုးတွေ ရဲ့ ဒေါသထွက်မှု ပေါ် အခြေခံပြီး အမေရိကန် နိုင်ငံ ကို မယုံကြည်တော့တဲ့သူတွေ၊ ခရစ်ယာန် ဘာသာကို လုံးဝ လက်မခံတော့တဲ့ သူတွေ၊ လူဖြူဆိုတာ လုံးဝ ပြုပြင်လို့ မရတော့ တဲ့ သူရဲတစေၦ လို့ သတ်မှတ်ထားတဲ့ လူတွေ နဲ့ ဖွဲ့စည်းထားတာပါ။

ကျွန်ုပ်ဟာ ဘာမှ မလုပ်ဘဲ လက်ရှိအခြေအနေကို ကျေနပ်နေတဲ့ အစွန်း နဲ့ အမုန်းတွေ၊ ကြောက်လန့်မှုတွေ နဲ့ ပြည့်နေတဲ့ လူမည်း အမျိုးသားရေး လှုပ်ရှားသူတွေ ရဲ့ အစွန်း နှစ်ဘက်ကြားမှာ ရပ်ပြီး အဲဒီ အစွန်း နှစ်ခု က လွတ်တဲ့ လမ်းကို ဖော်ထုတ်ကြရမယ် လို့ ပြောနေတဲ့ သူပါ။ ပိုပြီး ကောင်းမွန်တဲ့ မေတ္တာတရား နဲ့ အကြမ်းမဖက် ဆန္ဒပြမှု အတွက်ပါ။ နီဂရိုး ဘုရားကျောင်းတွေ ရဲ့ လွှမ်းမိုးမှု ကြောင့် အကြမ်းမဖက် လှုပ်ရှားမှု ဟာ ကျွန်ုပ်တို့ လွတ်မြောက်ဖို့ ကြိုးပမ်းမှုမှာ မရှိ မဖြစ် ပါဝင်လာခဲ့တဲ့ အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ အကယ်၍ ဒီ လမ်းကြောင်းသာ မပေါ်လာခဲ့ဘူးဆိုရင် တောင်ပိုင်းပြည်နယ်တွေ ရဲ့ လမ်းမှာ တွေ ပေါ်မှာ သွေးချောင်းစီးနေမယ် လို့ ကျွန်ုပ် ယုံကြည်ပါတယ်။ နောက်ထပ် ကျွန်ုပ်ယုံကြည်တာကတော့ အကယ်၍သာ ကျွန်ုပ်တို့ရဲ့ လူဖြူ ညီအကိုတော်များက အကြမ်းမဖက် တိုက်ရိုက် ဆန္ဒပြမှု တွေလုပ်တဲ့ သူတွေကို “ပြဿနာ မီးထွန်းရှာသူတွေ” “အပြင်က သွေးထိုးလှုံဆော်သူတွေ” လို့ သတ်မှတ်ပြီး ပစ်ပယ်ထားမယ် ဆိုရင်၊ အကယ်၍ သူတို့ကသာ ကျွန်ုပ်တို့ ရဲ့ အကြမ်းမဖက် လှုပ်ရှားမှု တွေကို မထောက်ခံဘူး ဆိုရင်…သန်းပေါင်းများစွာသော နီဂရိုးတွေဟာ စိတ်ပျက်မှု၊ ဒေါသထွက်မှုတွေ ကြောင့် လူမည်း အမျိုးရေးလှုပ်ရှားမှု အတွေးအခေါ် လမ်းကြောင်းပေါ်ကို ရောက်သွားမှာဖြစ်ပါတယ်။ အဲဒီလိုဖြစ်သွားမယ် ဆိုရင် ပိုပြီး ကြောက်ဖို့ ကောင်းတဲ့ လူမျိုးရေး အိမ်မက်ဆိုးတွေ ကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။

အဖိနှိပ်ခံတွေဟာ တစ်သက်လုံး အဖိနှိပ်ခံ အဖြစ်ရှိ မနေနိုင်ပါဘူး။ လွတ်မြောက်ဖို့ အတွက် ကြိုးပမ်းကြမှာပါ။ အမေရိကန် နီဂရိုးတွေလည်း ထိုနည်းလည်းကောင်းပါဘဲ။ သူရဲ့ မွေးရာပါ အခွင့်အရေး ဖြစ်တဲ့ လွတ်လပ်ရေး အတွက် သူရဲ့ စိတ်ထဲ က တစ်စုံတရာ က သတိပေးခဲ့ပြီး လွတ်လပ်ရေး ကို ရနိုင်တယ် ဆိုတာကိုလည်း ပြင်ပ အခြေအနေတွေက ညွှန်ပြနေပါတယ်။ သိ လို့ဘဲ ဖြစ်စေ၊ မသိလို့ ဘဲ ဖြစ်စေ နီဂရိုးတွေဟာ ခေတ် တစ်ခုမှာ ခံခဲ့ရပြီးတော့ အာဖရိက က ညီအကိုတော်တွေ၊ အာရှ၊ တောင်အမေရိကား၊ ကာရေးဘီယန်းက လူဝါ၊ လူညို ညီအကိုတော်တွေ နဲ့ အတူ အမေရိကန်မှာ ရှိတဲ့ နီဂရိုးတွေဟာ လူမျိုးရေး တရားမျှတမှု ကို အမြန်ဆုံး ရရှိအောင် ကြိုးပမ်းဆောင်ရွက်နေကြပါပြီ။ အကယ်၍သာ တစ်ဦးတစ်ယောက်အနေနဲ့ နီဂရိုး အသိုင်းအဝိုင်း အတွင်းက ထွက်ပေါ်လာတဲ့ ဒီ မရှိမဖြစ် လိုချင်တမ်းတမှု ကို အသိအမှတ်ပြုမယ် ဆိုရင် ၎င်းအနေနဲ့ လူထု ဆန္ဒပြပွဲတွေ ဘာကြောင့် ဖြစ်နေရသလဲ ဆိုတာ ကို လွယ်လွယ်ကူကူ နားလည်နိုင်မှာပါ။ နီဂရိုးတွေမှာ မကျေနပ်ချက်တွေ၊ ဒေါသထွက်မှု တွေ တောင်ပုံ ယာပုံရှိပါတယ်။ ဒါတွေ ကို ဖွင့်ထုတ်ပြသရပါမယ်။ ဒါကြောင့် သူ့ကို ဆန္ဒပြခွင့်ပေးပါ၊ မြို့တော် ခန်းမကို ချီတက်ခွင့်ပေးပါ။ လွတ်လပ်ဖို့ အတွက် အဝေးပြေးယာဉ်စီးပြီး ဆန္ဒပြခွင့်ပေးပါ။ သူဘာကြောင့် ဒါမျိုးတွေလုပ်ရသလဲ ဆိုတာ ကို နားလည်ဖို့ ကြိုးစားပါ။ အဖိနှိပ်ခံ တို့ရဲ့ ခံစားချက်တွေကို အခုလိုမျိုး အကြမ်းမဖက် လှုပ်ရှားမှုတွေ နဲ့ ဖော်ထုတ်ခွင့်မပေးဘူးဆိုရင် သူတို့ဟာ အကြမ်းဖက်တဲ့ နည်းလမ်းတွေ နဲ့ ဖော်ထုတ်ပါလိမ့်မယ်။ ဒါဟာ ခြိမ်းခြောက်တာမဟုတ်ပါဘူး။ သမိုင်းတွေက သက်သေပါ။ ဒါကြောင့် မို့လို့ ကျနော့် ရဲ့ လူတွေကို မကျေနပ်မှုတွေကို ရှင်းထုတ်ကြလို့ မပြောပါဘူး။ ဒီ မကျေနပ်မှုတွေကို အကြမ်းမဖက် တိုက်ရိုက် ရင်ဆိုင်တဲ့ နည်းလမ်း နဲ့ဘဲ ဖော်ထုတ်ကြပါလို့ ကြိုးစားပြောခဲ့ပါတယ်။ အခုတော့ ဒီနည်းလမ်းကို အစွန်းရောက်တွေ ရဲ့ နည်းလမ်း လို့ သမုတ်ကြပါတယ်။ ပထမတော့ အဲဒီလို သမုတ်ခံရတာကို ကျွန်ုပ်တော်တော် စိတ်ပျက်မိတယ်။ ဒါပေမဲ့ ကျွန်ုပ်သေသေချာချာ ပြန်စဉ်းစားကြည့်တော့ အဲဒီလို တံဆိပ်ကပ်ခံရတာတော့ တဖြည်းဖြည်း သဘောကျလာပါတယ်။ “သင်ရဲ့ ရန်သူကို မေတ္တာထားပါ၊ သင့်ကို ကျိန်ဆဲတဲ့ လူကို ကောင်းချီးပေးပါ။ သင့်ကို မုန်းတဲ့လူတွေကို ကောင်းကျိုးရအောင် လုပ်ပေးပါ။ သင့်ကို အသုံးချသွားတဲ့ သူတွေ၊ နှိပ်စက် အကျဉ်းချသူတွေ အတွက် ဆုတောင်း ပေးလိုက်ပါ။” လို့ ပြောခဲ့တဲ့ သခင်ယေရှုဟာ မေတ္တာ တရားထားတဲ့ နေရာမှာ အစွန်းမရောက်ဘူးလားဗျာ။ “တရားမျှတခြင်းတွေ ရေ လို စီးဆင်းပြီးတော့ အမှန်တရားတွေ စမ်းရေကဲ့သို့ စီးဆင်းပါစေ” လို့ ပြောခဲ့တဲ့ အေးမက်စ် (Amos) ဟာ တရားမျှတမှု အတွက် အစွန်းမရောက်ဘူးလားဗျာ။ “ငါ ခန္ဓာဟာ ဘုရားသခင် ယေရှု ရဲ့ စကားတွေ ကို သယ်ဆောင်လာတယ်” လို့ ပြောတဲ့ ပေါလ် (Paul) ဟာ ခရစ်ယာန် တရားတွေ အတွက် အစွန်း မရောက်ဘူးလားဗျာ။ “ငါတော့ ဒီအယူကို မစွန့်တော့ဘူး။ တခြာအယူ ကိုပြောင်း မယူတော့ဘူး။ ဘုရားသခင် စောင့်ရှောက်ကူညီပါ။” လို့ ပြောခဲ့ မာတင်လူသာဟာ အစွန်းမရောက်ဘူးလားဗျာ။ “ငါရဲ့ အသိစိတ် ကို သတ်ပစ်မယ့် အစား သေတဲ့ အထိ ဒီထောင်ထဲမှာဘဲ နေတော့မယ်” လို့ ပြောခဲ့တဲ့ ဂျွန် ဘန်ရန် (John Bunyan)၊ “ဒီတိုင်းပြည်ဟာ ကျွန် တပိုင်း၊ လွတ်လပ်သူ တပိုင်း အဖြစ်နဲ့ ဆက်လက် မရှင်သန်နိုင်ဘူး” လို့ ပြောခဲ့တဲ့ အေဘရယ်ဟမ် လင်ကွန်း (Abrahma Lincoln)၊ လူတွေ အားလုံး ဟာ တန်းတူညီမျှ ဖန်တီးထားခံရပါတယ် ဆိုတဲ့ အမှန်တရားကို လက်ကိုင်ထားပါတယ်… ” လို့ ရေးခဲ့တဲ့ သောမတ် ဂျက်ဖာဆင်(Thomas Jefferson) တို့ဟာ အစွန်းမရောက် ဖူးလားဗျာ။ ဒါကြောင့် အဓိက မေးခွန်း ကတော့ ကျွန်ုပ်တို့ တွေဟာ အစွန်းရောက်တွေ ဖြစ်လား မဖြစ်သလား ဆိုတာ မဟုတ်ဘဲ….ဘယ်လို အစွန်းရောက်မျိုး တွေ ဖြစ်သလဲ ဆိုတာပါဘဲ။ ကျွန်ုပ်တို့ ဟာ မေတ္တာ တရားအတွက် အစွန်းရောက်ကြမှာလား၊ အမုန်းတရား အတွက် အစွန်းရောက်ကြမှာလား။ ကျွန်ုပ်တို့ဟာ မတရားမှု တွေ ကြာရှည်ခံဖို့ အစွမ်းကုန် ထိန်းသိမ်းကြမှာလား၊ တရားမျှတမှု ရရှိရေးအတွက် အစွမ်းကုန်လုပ်ဆောင်ကြမှာလား။ ဂျေရူစလင်မြို့ (Jerusalem) နားက ကယ်ဗရီ (Calvary) တောင်ကုန်းမှာ လူသုံးယောက် ကားစင် အတင်ခံရပါတယ်။ အဲဒီ သုံးယောက်လုံးဟာ အတွက် တူညီတဲ့ အမှုအတွက် ကားစင် အတင်ခံရတယ် ဆိုတာ ကျွန်ုပ်တို့ ဘယ်တော့မှ မမေ့ သင့်ပါဘူး။ အဲဒါကတော့ အစွန်းရောက်မှု ပါဘဲ။ နှစ်ယောက်ကတော့ သူတို့ ရဲ့ အစွန်းရောက်တဲ့ အကျင့် စာရိတ္တ ပျက်ယွင်းမှုကြောင့် ဖြစ်ပါပြီး သူတို့ ရဲ့ ပတ်ဝန်းကျင် အောက် နိမ့်ကျခဲ့ပါတယ်။ ။ အခြား တစ်ဦး ဖြစ်တဲ့ သခင် ယေရှု ကတော့ မေတ္တာတရား၊ အမှန်တရား၊ ဘုရားသခင် တို့ အတွက် အစွန်းရောက်တဲ့ သူဖြစ်ပြီး သူ ပတ်ဝန်းကျင်က လွတ်မြောက်သူ ဖြစ်ခဲ့ပါတယ်။ ဖြစ်နိုင်တာကတော့ တောင်ပိုင်းဒေသ၊ တိုင်းပြည် နဲ့ ကမ္ဘာကြီးမှာ အကျိုးရှိဖြစ်ထွန်းစေမယ့် အစွန်းရောက်တွေ အကြီးအကျယ် လိုအပ်နေတာပါဘဲ။

ကျွန်ုပ် မျှော်လင့်ခဲ့တာက လူဖြူ အလယ်အလတ်သမားတွေ အနေနဲ့ ဒီ လိုအပ်ချက်ကို မြင်နိုင်မယ် ထင်ခဲ့ပါတယ်။ ကျနော် အကောင်းမြင် လွန်သွားတယ် ထင်တယ်။ မျှော်လင့် ထားတာ အရမ်းများသွားတာလည်း ဖြစ်နိုင်ပါတယ်။ ဖိနှိပ်တဲ့ လူမျိုး ထဲက လူ အနည်းငယ်လောက်သာ အဖိနှိပ်ခံတွေရဲ့ ညည်းတွားမှုတွေ၊ လွတ်မြောက်ချင်မှု တွေကို နားလည်နိုင်တယ် လို့ စောစောကတည်း က သဘောပေါက်ခဲ့ဖို့ ကောင်းတယ် လို့ ပြောရမှာပါဘဲ။ ပြီးတော့ မတရားမှုတွေ ကို မဆုတ်မနစ်၊ ပြင်းပြတဲ့ ကြိုးစားအားထုတ် မှု နဲ့ သာ အမြစ်နှုတ် ပစ်နိုင်တယ် ဆိုတာ ကို လည်း ပိုပြီးနည်းတဲ့ လူအနည်းစု က သာ မြင်နိုင်တယ် ဆိုတာ သဘောပေါက်ခဲ့ သင့်ပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ ရဲ့ ဒီ လူမှု စနစ် တော်လှန်ရေးကြီးကို နားလည်ပြီး ပါဝင်ခဲ့ကြတဲ့ တောင်ပိုင်းက လူဖြူ ညီအကိုတော် တချို့ကို လည်း ကျွန်ုပ်ကျေးဇူးတင်ပါတယ်။ သူတို့ဟာ လူနည်းစု ဖြစ်ပေမဲ့ ထောက်ခံမှု အရည်အသွေးကတော့ မနည်းပါဘူး။ ရဖ် မက်ဂေး (Ralph McGill)၊ လီလယန် စမစ် (Lillian Smith)၊ ဟယ်ရီ ဂိုးဒန်း (Harry Golden)၊ ဂျိမ်း မက်ဘရိုက် ဒတ်ဘ် (James McBride Dabbs)၊ အန်း ဘရာဒန် (Ann Braden) နဲ့ ဆာရာ ပက်တန် ဘွိုင်း (Sarah Patton Boyle) စတဲ့ လူအချို့ဟာ ကျွန်ုပ်တို့ ရဲ့ ကြိုးပမ်း လှုပ်ရှားမှု တွေကို ခမ်းခမ်းနားနား သေချာပေါက် အောင်မြင်မယ် ဆိုပြီး ရေးခဲ့ကြပါတယ်။ အခြားသူတွေကတော့ ကျွန်ုပ်တို့ နဲ့ အတူ တောင်ပိုင်း က လမ်းပေါင်းများစွာကို ချီတက်ခဲ့ကြပါတယ်။ သူတို့ဟာ ညစ်ပတ်ပြီး ပိုးဟတ်တွေ နဲ့ အကျဉ်းထောင်တွေ ထဲမှာ “စုတ်ပြတ်တဲ့ နီဂရိုး ချစ်သူ” တွေလို့ မြင်နေတဲ့ ပုလိပ်တွေ ရဲ့ နှိပ်စက် အညှင်းပန်း ခံပြီး စိတ်ဆင်းရဲစွာ နေကြရပါတယ်။ သူတို့ အခြား သူတို့ ရဲ့ အလယ်အလတ်သမား ညီအကိုတော်တွေ နဲ့ မတူဘဲ၊ ဒီ ခွဲခြားမှု ဆိုတာ ရောဂါဆိုးကို လှုပ်ရှားမှု ဆိုတဲ့ ဆေး နဲ့ တိုက်ဖျက်ရမယ် ဆိုတာ ကို နားလည်ပြီး ဒီအချိန် မှာ လုပ်ဆောင်ရမယ် ဆိုတာ ကိုလည်း သဘောပေါက်ကြပါတယ်။ နောက်ထပ် ကျွန်ုပ်ရဲ့ စိတ်ပျက်မှုကြီးတစ်ခု ကိုလည်း ထပ်ပြောပါရစေ။ လူဖြူတွေ ရဲ့ ဘုရားကျောင်း နဲ့ သူတို့ရဲ့ ခေါင်းဆောင်မှု တွေ ကိုလည်း ကျနော် တော်တော်ကြီး စိတ်ပျက်ပါတယ်။ ဒါပေမဲ့ အဲဒါမှာလည်း ချွင်းချက်လေးတွေ တော့ ရှိနေပါသေးတယ်။ ခင်ဗျားတို့ တစ်ယောက်ချင်းဆီတဲ့ ရပ်တည်ချက် တချို့ကို သတိမပြုမိလို့ တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ အပတ် တနင်္ဂနွေနေ့ တုန်း က ခင်ဗျားရဲ့ ဘုရားကျောင်းကို နီဂရိုးတွေကို ခွဲခြားမှု မရှိဘဲ တက်ရောက်စေဖို့ ဖိတ်ခေါ်ခဲ့တဲ့ ဘုန်းတော်ကြီး စတော်လင်း (Stallings) ကို ချီးကျုးပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေ တုန်းက စပရင်း ဟေးလ် (နွေဦးတောင်ကုန်း) ကောလိပ် (Spring Hill College)မှာ လူမျိုးရေး ခွဲခြားမှု ကို ပယ်ဖျက်ခဲ့တဲ့ အတွက် ချီးကျုးပါတယ်။

ဒီလို ထင်ရှားတဲ့ ချွင်းချက်လေးတွေ ရှိနေပေမဲ့လည်း ကျွန်ုပ်ရဲ့ ဘုရားကျောင်းတွေ အပေါ်မှာ စိတ်ပျက်မှု ကို ရိုးရိုးသားသား ထပ်ပြီး ဖော်ပြပါရစေ။ ဒီဟာ က ဘုရားကျောင်းတွေ ကို အပြစ်မရှိ အပြစ်ရှာနေတဲ့ အနှုတ်လက္ခာဆောင်တဲ့ ဝေဖန်ရေး အနေနဲ့ ပြောတာမဟုတ်ပါဘူး။ ဒီဟာကို ဘုရားသခင်ရဲ့ တရားကို ဟောကြားသူအနေနဲ့၊ ဘုရားကျောင်းကို ချစ်မြတ်နိုးသူအနေနဲ့၊ ဘုရားကျောင်းက မွေးထုတ်ပေးလိုက်တဲ့ သူအနေနဲ့၊ ဘုရားကျောင်းက သင်ကြားပေးလိုက်တဲ့ အကျင့်သိက္ခာတွေ ကြောင့် ရှင်သန်နေတဲ့ သူ အနေနဲ့၊ ဘုရားကျောင်းကို အသက်ထက်ဆုံး သစ္စာရှိသွားမယ့် သူအနေနဲ့ ကျနော် ပြောပါမယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မောင်ဂိုမာရီမြို့ (Montgomery)၊ အယ်လ်ဘာမား ပြည်နယ် (Alabama) မှာ ဖြစ်ခဲ့တဲ့ ဘက်စ်ကား ဆန္ဒပြပွဲမှာ ကျွန်ုပ် ရုတ်တရက် ခေါင်းဆောင် ဖြစ်လာတော့ ကျွန်ုပ် ထင်ခဲ့မိတာ က လူဖြူ ဘုရားကျောင်းတွေ အနေနဲ့ ကျွန်ုပ်တို့ ကို ထောက်ခံမယ် လို့ ထင်ခဲ့မိပါတယ်။ တောင်ပိုင်းက လူဖြူ တရားဟောဆရာတွေ၊ ဘုန်းတော်ကြီးတွေ၊ ဂျုးလူမျိုး ဘုန်းတော်ကြီးတွေ အနေနဲ့ ကျွန်ုပ်တို့ ရဲ့ အင်အားအကြီးဆုံး မဟာမိတ်တွေ ဖြစ်လာမယ် လို့ ထင်ခဲ့မိပါတယ်။ အဲဒီလိုတွေ အစား တချို့တွေက ချက်ချင်း ဆန့်ကျင်သူတွေ ဖြစ်လာခဲ့ပြီး လွတ်မြောက်ဖို့ အတွက် လှုပ်ရှားမှု ကြီးကို နားလည်ဖို့ ငြင်းဆန်ပြီး ခေါင်းဆောင်တွေကို နာမည်ဖျက်ခဲ့ပါတယ်။ အခြားလူ တော်တော်များများကတော့ သတ္တိရှိဖို့ထက် သတိကြီးကြီးထားပြီး မသိချင်ယောင်ဆောင် ကာ ပြတင်းပေါက် မှန် ပိန်းပိန်း နောက်ကွယ်မှာ ပုန်းနေကြပါတယ်။
ကျွန်ုပ် ရဲ့ အိပ်မက်တွေ ကျိုးကြေသွားပေမဲ့လည်း ကျွန်ုပ်ဟာ ဘာမင်ဟမ် လူဖြူ ဘာသာရေး ခေါင်းဆောင် အသိုင်းအဝိုင်း အနေနဲ့ ကျွန်ုပ်တို့ ရဲ့ အရေး မှာ တရားမျှတမှု ကို မြင်နိုင်မယ်၊ အကျင့်သိက္ခာပိုင်း ဆိုင်ရာ အရ ကျွန်ုပ်တို့ ရဲ့ တရားမျှတစွာတောင်းဆိုတဲ့ နစ်နာမှု တွေကို ကုစားပေးဖို့ အာဏာရ အသိုင်းအဝိုင်းကို သိစေမယ် လို့ မျှော်လင့်မိခဲ့ပါတယ်။ ခင်ဗျားတို့ တစ်ဦးချင်း စီ အနေနဲ့ နားလည် နိုင်မယ် လို့ မျှော်လင့်မိခဲ့ပါတယ်။ ဒါပေမဲ့လည်း ကျွန်ုပ်ဘဲ စိတ်ပျက်ခဲ့ရပါတယ်။

ဘာသာပြန် ရွှေရိုး
ခေတ်မောင်း အတွဲ ၂၊ အမှတ် ၁ http://en.calameo.com/books/0013876781affbeee0cb7

First part of the letter: https://maungpeace.wordpress.com/2013/02/15/martin-luther-king-jr-letter-from-birmingham-jail/
Martin Luther King, Jr.

Advertisements
This entry was posted in translation (ဘာသာပြန်) and tagged , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s