ဘာမင်ဟမ် အကျဉ်းထောင်မှ ပေးစာ (မာတင်လူသာကင်း၊ ဂျုနီယာ)

ဘာမင်ဟမ် အကျဉ်းထောင်မှ ပေးစာ (မာတင်လူသာကင်း၊ ဂျုနီယာ)

၁၆ ဧပြီ ၁၉၆၃

ကျွန်ုပ် ချစ်ခင်ရပါသော ဘုန်းတော်ကြီးများသို့

ကျွန်ုပ် ဒီအကျဉ်းထောင်ထဲမှာ အကျဉ်းခံ နေရစဉ် ခင်ဗျားတို့ လတ်တလော ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ချက်ထဲမှာ ကျွန်ုပ်ရဲ့ လုပ်ဆောင်ချက်တွေကို အချိန်မရောက်သေးဘဲ မစဉ်းစား မဆင်ခြင်လုပ်ဆောင်ကြောင်း ဖတ်လိုက်ရပါတယ်။ ကျွန်ုပ် ရဲ့ လုပ်ရပ် နဲ့ အတွေးအခေါ် ကို ဝေဖန်မှု တွေအတွက် အလုပ်ပျက်ခံပြီး ဖြေရှင်းလေ့ မရှိပါဘူး။ အဲဒီ လို ဝေဖန်မှု တွေကို သာ ဒိုင်ခံ ဖြေရှင်းနေရရင် ကျနော့်ရဲ့ အတွင်းရေးမှူးလည်း တခြားလုပ်စရာတွေ ကို ပစ်ပြီး အဲဒီ ဝေဖန် ပြန်ကြားမှု ဘဲ လုပ်နေရမှာ ဖြစ်ပြီး ကျွန်ုပ် လည်း အခြား အကျိုး ရှိတဲ့ အလုပ်တွေ အတွက် အချိန် မရှိဘူး ဖြစ်သွားမှာပါ။ ဒါပေမဲ့လည်း ခင်ဗျားတို့ ကတော့ စိတ်ကောင်းရှိပြီး စိတ်ရင်း စေတနာကောင်းနဲ့ ဝေဖန်ပြောကြားတယ် လို့ ထင်တဲ့ အတွက် ခင်ဗျားတို့ ရဲ့ ထုတ်ပြန်ချက်ကို ကျနော် စိတ်ရှည်ရှည်ထားပြီး အကျိုးအကြောင်း ဆီဆီလျှော်လျှော်ဖြေကြားပါ့မယ်။

ခင်ဗျားတို့ ထောက်ပြတဲ့ အချက်ထဲမှာ “အပြင်လူတွေ ဝင်လာတယ်” ဆိုတဲ့ အမြင် ကြောင့် ကျွန်ုပ် ဘာကြောင့် ဘာမင်ဟမ် မြို့ကို ရောက်နေသလဲ ဆိုတာ ဖြေရှင်းပါ့မယ်။ ကျွန်ုပ် က ဂျော်ဂျီယာပြည်နယ်၊ အတ္တာလန်တာမြို့ မှာ အခြေစိုက်တဲ့၊ တောင်ပိုင်းပြည်နယ်တိုင်းမှာ လှုပ်ရှားနေတဲ့ တောင်ပိုင်း ခရစ်ယာန်ခေါင်းဆောင်များ အဖွဲ့ကြီး (Southern Christian Leadership Conference) ရဲ့ ဥက္ကဋ္ဌ အဖြစ်လုပ်ဆောင်ရပါတယ်။ ကျွန်ုပ်တို့မှာ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့ (၈၅) ဖွဲ့ ၊ တောင်ပိုင်းပြည်နယ်တွေမှာ ရှိပြီး အဲဒီထဲက တစ်ခုကတော့ လူ့အခွင့်အရေးအတွက် အယ်လ်ဘာမား ခရစ်ယာန် လှုပ်ရှားမှု ( Alabama Christian Movement for Human Rights) အဖွဲ့ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ က အများသောအားဖြင့် ပူးပေါင်းအဖွဲ့တွေ နဲ့ ဝန်ထမ်း၊ ပညာရေး ဆိုင်ရာ၊ ငွေကြေးဆိုင်ရာ အရင်းအမြစ်တွေကို မျှဝေသုံးစွဲပါတယ်။ လွန်ခဲ့တဲ့ လ အနည်းငယ်က ဘာမင်ဟမ်မှာ ရှိတဲ့ ကျွန်ုပ်တို့ ပူးပေါင်း အဖွဲ့ က အကြမ်းမဖက် တိုက်ရိုက် လှုပ်ရှားမှု ကို လိုအပ်ရင် လုပ်ဖို့ ဆက်သွယ်လာပါတယ်။ ကျွန်ုပ်တို့က အလွယ်တကူဘဲ သဘောတူခဲ့ပါတယ်။ အချိန် ကျလာခဲ့တဲ့ အတွက် ကတိပေးထားတဲ့ အတိုင်း လာခဲ့ခြင်းသာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်ုပ် နဲ့ အတူ အခြားအဖွဲ့သားတွေ ဒီနေရာကို ရောက်နေခြင်းဟာ ဖိတ်ခေါ်ခြင်းခံရလို့ ဖြစ်ပါတယ်။ ဆက်စပ် အဖွဲ့အစည်း ရှိတဲ့ အတွက် ကျွန်ုပ် အခုဒီကို ရောက်နေရခြင်းဖြစ်ပါတယ်။

ဒါပေမဲ့ အဓိက အကြောင်းအရင်းကို ပြောရရင် မတရား မမျှတမှု ရှိနေလို့ ကျွန်ုပ် ဘာမင်ဟမ် ကို ရောက်နေရခြင်းဖြစ်တယ်။ ဘီစီ ရှစ် ရာစု က ဘုရားသခင်ရဲ့ တမန်တော် တွေ သူတို့ ရဲ့ ရွာတွေ က ထွက်ပြီး ဘုရားသခင်ရဲ့ ပြောစကားတွေ ကို သူတို့ရဲ့ မွေးဇာတိ နယ်နမိတ် အဆုံးအစွန်အထိ ဖြန့်ဖြူးခဲ့ကြသလို နောက်ပြီး ရှင်ပေါလု လိုမျိုး သူရဲ့ မွေးဇာတိ တောဆက် (Tarsus) မြို့ က စွန့်ခွာပြီး သခင်ယေရှု ရဲ့ စကားတွေကို ရောမနိုင်ငံတော် တဝန်း ဖြန့်ဖြူးခဲ့ကြသလိုမျိုး ကျွန်ုပ်ဟာလည်း လွတ်မြောက်ရေး တရားတွေ ကို ကျွန်ုပ် ရဲ့ မွေးဇာတိ မြို့ တင်မက အခြားနေရာတွေကို ပါ ဖြန့်ဖြူးဖို့ ခံယူထားပါတယ်။ ရှင်ပေါလု လိုမျိုးဘဲ အကျွန်ုပ် လည်း မက်ဆီးဒိုးနီးယန်းတွေ ရဲ့ အကူအညီ တောင်းခံမှု ကို တမုဟုတ်ချင်း တုံ့ပြန့်ရပါလိမ့်မယ်။

ထပ်ပြီးတော့ ပြောရရင် ကျွန်ုပ် က လူ့အဖွဲ့အစည်းတွေ အားလုံး၊ ပြည်နယ်အားလုံး ဆက်နွှယ်မှု တွေကို သိရှိနားလည်ထားပါတယ်။ ဘာမင်ဟမ်မှာ ဖြစ်ခဲ့တာတွေအတွက် ကျွန်ုပ်က အတ္တလန်တာမှာ ဘာမှ မလုပ်ဘဲ မဆိုင်သလို ထိုင်နေလို့ မရဘူး။ တနေရာရာက မတရားမှု လေး က နေရာအနှံ့က တရားမျှတမှု အတွက် အန္တရာယ်ပါပဲ။ ကျွန်ုပ်တို့ဟာ ပိတ်စ တစ်စထဲ က ချည်မျှင်လေး လိုဘဲ တူညီတဲ့ အနာဂတ်ရှိပြီး အပြန်အလှန်အကျိုး သက်ရောက်မှု တွေ နဲ့ ဆက်စပ်နေကြပါတယ်။ ကျွန်ုပ်တို့ ထဲက တစ်ယောက်ကို တိုက်ရိုက်ထိခိုင်ရင် အားလုံးကို သွယ်ဝိုက် ထိခိုက်တာပါဘဲ။ ကျွန်ုပ်တို့ ဟာ ဒီ “အပြင်က သွေးထိုး လှုံဆော်သူများ” ဆိုတဲ့ ကျဉ်းမြောင်းတဲ့ အတွေးအမြင်နဲ့ ဆက်လက် လက်တွဲ မရှင်သန်နိုင်ပါဘူး။ အမေရိကန်ပြည်ထောင်စု နယ်နမိတ် အတွင်းမှာ ရှိတဲ့ မည်သူကို မဆို အပြင်လူ လို့ သတ်မှတ်လို့ မရပါဘူး။

ဘာမင်ဟမ််မှာ ဖြစ်တဲ့ ဆန္ဒပြမှု တွေ အတွက် ခင်ဗျားတို့ ပြင်းပြင်းထန်ထန် ရှုံချကြတယ်။ ဒါပေမဲ့ ခင်ဗျားတို့ ရဲ့ ထုတ်ပြန်ချက်ထဲမှာ တော့ ဒီ ဆန္ဒပြမှု တွေကို ဖြစ်စေတဲ့ အခြေအနေ တွေကို တော့ မရှုံချ၊ မဖော်ပြထားဘူး ဆိုတာ စိတ်မကောင်းစွာ နဲ့ဘဲ ကျွန်ုပ် ပြောပါရစေ။ ကျွန်ုပ် သိသလောက်ကတော့ ခင်ဗျားတို့တွေ က ဒီလို အပေါ်ယံ အဖြစ်အပျက်ကိုဘဲ ဖော်ပြပြီး ဘာအကြောင်းကြောင့် ဖြစ်တယ် ဆိုတာကို မဖော်ထုတ်ထားတဲ့ လူမှုရေး လေ့လာသုံးသပ်ချက်မျိုး ကိုတော့ လက်ခံ သဘောတူမယ် မထင်ဘူး။ ဘာမင်ဟမ် မှာ ဆန္ဒပြမှု တွေ ဖြစ်တာဟာ စိတ်မကောင်းစရာပါ။ ပိုပြီး စိတ်မကောင်းစရာကတော့ မြို့ထဲမှာ ရှိ အဖြူတွေရဲ့ အာဏာတည်ဆောက်ပုံမှာ နီဂရိုး လူ့အဖွဲ့အစည်းတွေ အတွက် ရွေးစရာလမ်း မရှိအောင် လုပ်ထားခြင်းဘဲ ဖြစ်တယ်။

ဘယ် အကြမ်းမဖက်တဲ့ လှုပ်ရှားမှု မဆို အခြေခံအဆင့် လေးဆင့် ပါဝင်ပါတယ်။ မတရား မမျှတမှု ရှိနေသလား ဆိုတာကို အချက်အလက် ကောက်ယူပါတယ်။ တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ပါတယ်။ ကိုယ်စိတ်ဓာတ် ကို ကိုယ်ဘာသာ ပြင်ဆင်ပါတယ်။ နောက်ပြီး ထိပ်တိုက် ရင်ဆိုင်ပါတယ်။ ကျွန်ုပ်တို့ ဒီ အဆင့်တွေကို ဘာမင်ဂမ်မှာ ဖြတ်ကျော်ပြီးပါပြီ။ လူမျိုးရေး ခွဲခြားမှု မတရားမှု ကြီး ဒီ မြို့မှာ ကြီးစိုးနေတယ် ဆိုတဲ့ အချက်ကို ဖော်ပြလို့ မထူးတော့ပါဘူး။ ဘာမင်ဟမ် ဟာ အမေရိကန်ပြည်ထောင်စု မှာ ရှိတဲ့ လူမျိုးရေး ခွဲခြားမှု ကို စနစ်တကျအလုပ်ဆုံး မြို့ တစ်ခု ဖြစ်မှာပါ။ ဒီမြို့ရဲ့ ရက်စက်ကြမ်းကြုတ်မှု မှတ်တမ်းကလည်း လူတော်တော်များများသိပါတယ်။ နီဂရိုးတွေဟာ တရားရုံးတွေမှာလည်း လွန်လွန်ကဲကဲ မတရား ဆက်ဆံ ခံရပါတယ်။ ဘာမင်ဟမ် မှာ နီဂရိုးတွေ ရဲ့ အိမ်တွေ ဘုရားကျောင်းတွေကို လက်သည် မပေါ်တဲ့ ဗုံးခွဲခံရမှုတွေ ဟာ တနိုင်ငံလုံးမှာ ရှိတဲ့ အခြားမြို့ တွေထက် များပါတယ်။ ဒါတွေဟာ ဒီကိစ္စမှာ အကျည်းတန်ပြီး ခိုင်မာတဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ အဲဒီ အချက်အလက် အခြေအနေတွေကို အခြေခံပြီး နီဂရိုး ခေါင်းဆောင်တွေက မြို့ပေါ်က ခေါင်းဆောင်တွေ နဲ့ ညှိနှိုင်းဆွေးနွေးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ မြို့ပေါ်က ခေါင်းဆောင်တွေက ရိုးရိုးသားသား တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုတာ ကို တောက်လျှောက် ငြင်းဆန်ခဲ့ပါတယ်။

အဲဒါနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာတုန်းက ဘာမင်ဟမ် စီးပွားရေး အဖွဲ့အစည်းက ခေါင်းဆောင် တွေ နဲ့ စကားပြောဖို့ အခွင့်အရေး ရခဲ့ပါတယ်။ တွေ့ဆုံ ဆွေးနွေးချိန်အတွင်းမှာ စီးပွားရေးသမား တွေ ဆီက စတိုးဆိုင်တွေ ရှေ့မှာ ချိတ်ထားတဲ့ လူမျိုးရေး ခွဲခြား၊ သိက္ခာချ အရှက်ရစေတဲ့ ဆိုင်းပုဒ် တွေကို ဖြုတ်ပေးဖို့ ကတိ တချို့ရခဲ့ပါတယ်။ အဲဒီ ကတိတွေ အပေါ် အခြေခံပြီးတော့ ဘုန်းတော်ကြီး ဖရက် ရှက်တယ်ဝေါ့ (Fred Shuttlesworth) နဲ့ အယ်လ်ဘာမား ခရစ်ယာန် လှုပ်ရှားမှု အဖွဲ့ ခေါင်းဆောင်တို့ က ဆန္ဒပြမှု အားလုံးကို ခေတ္တရပ်ဆိုင်းထားဖို့ သဘောတူခဲ့ပါတယ်။ အဲဒီလို နဲ့ လ ပေါင်းများစွာ ကြာပြီးတဲ့ နောက်မှာ ကျွန်ုပ်တို့ဟာ ပျက်ယွင်းတဲ့ ကတိတွေ ရဲ့ သားကောင်တွေ ဖြစ်ခဲ့ရပါတယ်။ တချို့ ဆိုင်းပုဒ်တွေ ခဏသာ ဖြုတ်ချခဲ့ပြီး ပြန်တပ်ထားခဲ့ကြပါတယ်။ ကျန်တာတွေ က တော့ အရင်အတိုင်းဘဲ ရှိနေခဲ့ပါတယ်။ အရင် အတိတ် က အတွေ့အကြုံတွေလိုဘဲ ကျွန်ုပ်တို့ ရဲ့ မျှော်လင့်ချက်တွေ အားလုံး ပျက်စီးခဲ့ရပါတယ်။ စိတ်ပျက်အားလျှော့မှုတွေ နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ကျွန်ုပ်တို့ မှာ အခြား ရွေးစရာ မရှိတော့ဘဲ ကျွန်ုပ်တို့ ရဲ့ ခန္ဓာကိုယ် ကိုရင်းပြီး မတရားခံရမှုတွေ အတွက် ဒေသခံတွေ နဲ့ တိုင်းသူပြည်သား အားလုံး ရဲ့ ရှေ့မှောက်မှာ ထိပ်တိုက် ရင်ဆိုင်ဖို့သာ ပြင်ဆင်ခဲ့ရပါတယ်။ကြုံတွေ့ရမယ့် အခက်အခဲတွေကို ကြိုမြင်တဲ့ အတွက် မိမိ စိတ်ဓာတ် ခိုင်မာ အောင် ပြင်ဆင်မှု တွေ ပြုလုပ်ခဲ့ကြပါတယ်။ အကြမ်းမဖက်လှုပ်ရှားမှု တွေ အတွက် ဆွေးနွေးပွဲတွေ တောက်လျှောက်လုပ်ခဲ့ပြီး ကျွန်ုပ်တို့ ကိုယ်ဘာသာကိုယ် ထိုးနှက်ရိုက်ခတ်မှု တွေကို ရန်တုန့်ပြန်ခြင်း မပြုဘဲ ခံနိုင်ပြီလား၊ ထောင်အကျ ခံနိုင်ပြီးလား၊ စတဲ့ မေးခွန်းတွေ မေးခဲ့ကြပါတယ်။ ကျွန်ုပ်တို့ ဟာ ထိပ်တိုက်ရင်ဆိုင်မှု တွေကို အဓိက (ခရစ်စမတ်ကာလ ကလွဲရင်) ဈေးဝယ်ရောင်းချမှုတွေ ပြုလုပ်တဲ့ အီစတာ ကာလ မှာပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ပြင်းထန်တဲ့ စီးပွားရေး ဆုတ်ယုတ်မှု ဖြစ်သွားအောင်လုပ်မယ့် အစီအစဉ် ဟာ ဒီထိပ်တိုက် ရင်ဆိုင်မှု တွေ ရဲ့ ရလဒ်တစ်ခုဖြစ်မယ် ဆိုတာ သိတယ်။ အဲဒီ အချိန်ဟာ စီးပွားရေး သမားတွေကို အပြောင်းအလဲ လိုအပ်တယ်ဆိုတာကို ဖိအားပေး ဖို့ အကောင်းဆုံး ဖြစ်တယ် ဆိုတာ ကျွန်ုပ်တို့ နားလည်ထားတယ်။

ဒါနဲ့ပဲ မတ်လ အတွင်းမှာ ဘာမင်ဟမ် မြို့တော်ဝန် ရွေးပွဲ ရောက်လာခဲ့တယ်။ ကျွန်ုပ်တို့လည်း အဲဒါနဲ့ ထိပ်တိုက်ရင် ဆိုင်မှု တွေကို ရွေးကောက်ပွဲ ပြီး မှ လုပ်မယ် လို့ ပြင်ဆင်သတ်မှတ်ခဲ့တယ်။ လူထုလုံခြုံရေး ကော်မရှင်နာ ယူဂျင်း ကော်နာ, (ပုလိပ်ကော်မရှင်နာမင်းကြီး) (Eugene “Bull” Connor)ဟာ ဒုတိယ အကျော့ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ အတွက် မဲ အလုံအလောက်ရခဲ့တဲ့ အတွက် ဆန္ဒပြပွဲတွေကို ရွေးကောက်ပွဲ ပြီးတဲ့ အထိ စောင့်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဆန္ဒပြမှုတွေ ကို အကြောင်းပြပြီး အဓိက ပြဿနာတွေကို ဖုုံးဖိ လိုက်မှာ စိုးလို့ပါဘဲ။ လူများစု စောင့်မျှော်ခဲ့ကြသလိုဘဲ ကျွန်ုပ်တို့လည်း မစ္စတာ ကော်နာ ရှုံးနိမ့် ဖို့ကို စောင့်မျှော်ခဲ့ကြပါတယ်။ အဲဒီ အချိန်အထိ ကျွန်ုပ်တို့ဟာ ရက်ရွှေ့ဆိုင်း ပြောင်းရွှေ့ရတဲ့ ဒုက္ခကို ရင်စီးခံခဲ့ကြတာပါ။ ဒီမြို့သူ မြို့သားတွေကို အကူအညီပေးပြီးတဲ့ သကာလမှာတော့ ကျွန်ုပ်တို့ဟာ ထိပ်တိုက်ရင်ဆိုင်မှု အစီအစဉ်တွေကို နောက်ထပ် ရွှေ့ဆိုင်း နေလို့ မရတော့ဘူး ဆိုတာ သဘောပေါက်လာခဲ့ကြပါတယ်။

ခင်ဗျားတို့ က တော့ ပြောမှာပေါ့၊ “ဘာကြောင့် ထိပ်တိုက်ရင်ဆိုင်ရသလဲ၊ ဘာကြောင့် ထိုင် သပိတ်၊ လမ်းလျှောက် ဆန္ဒပြတာတွေ လုပ်ကြသလဲ၊ တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်း က ပိုမကောင်းဘူး လား။” ခင်ဗျားတို့ တွေ့ဆုံ ဆွေးနွေးရေး အတွက် ပြောတာ သိပ်ကောင်းပါတယ်။ ဒါဟာလည်း ထိပ်တိုက်ရင်ဆိုင်ရေး ရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်ပါတယ်။ အကြမ်းမဖက်တဲ့ ထိပ်တိုက်ရင်ဆိုင်ရေး ဆိုတာ တွေ့ဆုံဆွေးနွေးရေးကို ထာဝရ ငြင်းဆန်ခဲ့တဲ့ လူအဖွဲ့အစည်း တစ်ခု အတွင်း ပဋိပက္ခတွေ၊ တင်းမာမှု တွေ ဖြစ်ပွားစေပြီး ပြဿနာကို မရင်ဆိုင်ဘဲ နေလို့ မရအောင် တွန်းအားပေးခြင်းပါ။ ပြဿနာ ကို ပိုကြီးလာအောင် လုပ်ပြီး ဒါတွေကို လျစ်လျုရှု လို့ မရပါဘူး ဆိုတာကို ပြချင်တာပါ။ အခုလို အကြမ်းမဖက်လှုပ်ရှားမှု ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ တင်းမာမှု တွေဖြစ်လာအောင် ဖန်တီးတာ ပါလို့ ပြောတဲ့ အတွက် ခင်ဗျားတို့ အတွက် တုန်လှုပ်စရာဖြစ်မှာပါ။ ဒါပေမဲ့ ကျွန်ုပ်က တော့ ဒီ တင်းမာမှု ဆိုတဲ့ စကားလုံးကို မကြောက်ဘူး ဆိုတာ ပြောပါရစေ။ ကျွန်ုပ်က အကြမ်းဖက်တဲ့ တင်းမာမှု ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ပါတယ်။ ဒါပေမဲ့ ရင့်ကျက်ဖို့ အတွက် အကျိုးရှိ ဖြစ်ထွန်းစေတဲ့၊ အကြမ်းမဖက်တဲ့ တင်းမာမှု ဆိုတာ ရှိပါတယ်။ ယုံတမ်းပုံပြင်တွေ၊ အမှန်တရား တစ်ဝက်တစ်ပျက်တွေထဲ က နိုးထပြီး ပြောင်ပြောင်မြောက်မြောက် သုံးသပ်နိုင်ဖို့၊ ဓမ္မဓိဋ္ဌန် ကျကျ ချီးကျုးနိုင်ဖို့ ဆိုတာ တစ်ဦးတစ်ယောက်ဆီ ရဲ့ စိတ်ထဲမှာ တင်းမာမှု တွေ ဖြစ်ပေါ်လာဖို့ လိုအပ်တယ် လို့ ဆိုကရေတီး (Socrates) အနေနဲ့ ခံယူထားသလိုဘဲ လူတွေဟာ အခြေအမြစ်မရှိတဲ့ စွဲလမ်းမှု တွေ၊ လူမျိုးရေး ခွဲခြားမှု တွေ က လွတ်မြောက်ပြီး ညီအကိုချင်း နားလည်မှု ကို ရရှိဖို့ အတွက် ဒီ လူ့အဖွဲ့အစည်းအတွင်း တင်းမာမှု တွေ ဖြစ်စေတဲ့ အကြမ်းမဖက် ထိပ်တိုက်ရင်ဆိုင်မှု တွေကို စဉ်ဆက်မပြတ် လုပ်ဆောင်ရမယ် လို့ ယုံကြည်ပါတယ်။ ကျွန်ုပ် တို့ ရဲ့ ထိပ်တိုက်ရင်ဆိုင်ရေး လမ်းစဉ် ဆိုတာ ဟာလည်း မရှင်းရင် မရတဲ့ အခြေအနေမျိုး အထိ ဖန်တီးပြီး တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း ဖွင့်ပေးဖို့ အတွက် ရည်ရွယ်ပါတယ်။ ဒါကြောင့် ကျွန်ုပ် က ခင်ဗျားတို့ တောင်းဆိုတဲ့ တွေ့ဆုံဆွေးနွေးရေး ကို သဘောတူပါတယ်။ ကျွန်ုပ်တို့ ရဲ့ တောင်ပိုင်း ပြည်နယ်တွေဟာ တွေ့ဆုံဆွေးနွေး နှစ်ဘက်ပြောဆိုခွင့် မရဘဲ တစ်ဘက်သတ် ပြောဆိုမှု တွေ မှာဘဲ အကျည်းတန်နေခဲ့ရတာပါ။

ခင်ဗျားတို့ ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါတဲ့ နောက်ထပ် အခြေခံ အချက် တစ်ခု ကတော့ ဘာမင်ဟမ်မှာ လုပ်ခဲ့တဲ့ ကျွန်ုပ်နဲ့ အပေါင်းအသင်းတွေ လုပ်ရပ်ဟာ အချိန်မတိုင်သေးဘူး လို့ ပြောထားပါတယ်။ ခင်ဗျားတို့တွေ ဘာကြောင့် အသစ်တက်လာတဲ့ အုပ်ချုပ်ရေး အဖွဲ့ကို အရေးတယူ လုပ်ဆောင်ပေးဖို့ အချိန် မပေးသလဲ လို့ တချို့ တွေက မေးမှာပါ။ ကျွန်ုပ်ပေးနိုင်တဲ့ အဖြေကတော့ ဘာမင်ဟမ် အုပ်ချုပ်ရေး အဖွဲ့ အသစ်ကိုလည်း အဟောင်းလိုဘဲ အရေးတယူ မလုပ်ခင် သတိပေးရမှာပါဘဲ။ အယ်လ်ဘတ် ဘောက်ဝဲလ် (Albert Boutwell) မြို့တော်ဝန် အဖြစ် အရွေးခံရပြီး ဘာမင်ဟမ် မြို့ကို တရားမျှတမှု တွေ ယူလာပေးမယ် လို့ ယုံကြည်လိုက်ရင် ကျွန်ုပ်တို့ မှားသွားမှာပေါ့။ မစ္စတာ ကော်နာ (Mr.Connor) နဲ့ ယှဉ်ရင်တော့ မစ္စတာ ဘောက်ဝဲလ် (Mr. Boutwell) ဟာ ပိုပြီး ပျော့ပြောင်းတဲ့လူ ဖြစ်ပေမဲ့ နှစ်ယောက်စလုံး က ခွဲခြားဆက်ဆံရေးသမားတွေ ဖြစ်ပြီး လက်ရှိ အခြေအနေကို ဘဲ ဆက်ထိန်းထားဖို့ ဆန္ဒရှိတဲ့ လူတွေ ဖြစ်ပါတယ်။ ကျွန်ုပ် အနေနဲ့ မျှော်လင့်တာက ခွဲခြားဆက်ဆံမှု ပပျောက်ရေး လုပ်ဆောင်ချက်တွေကို တင်းခံနေလို့ အကျိုးမရှိဘူး ဆိုတာ မစ္စတာဘောက်ဝဲလ် သဘောပေါက်သွား စေချင်ပါတယ်။ ဒါပေမဲ့ သူဒီလို သဘောပေါက် အောင်လုပ်ဖို့ က ပြည်သူ့ အခွင့်အရေး လှုပ်ရှားသူတွေ ရဲ့ ဖိအားမပါဘဲ နဲ့တော့ မရပါဘူး။ သန္နိဋ္ဌာန် ခိုင်ခိုင်မာမာချထားတဲ့ တရားစွဲဆိုမှုတွေ၊ အကြမ်းမဖက်လှုပ်ရှားမှု တွေ မလုပ်ဘဲနဲ့ ကျွန်ုပ်တို့ ရဲ့ ဒီ ပြည်သူ့ အခွင့်အရေး လှုပ်ရှားမှု ကြီး မှာ ဘာတစ်ခု မှ မရခဲ့ဖူးဘူး ဆိုတာ ပြောပါရစေ။ အခွင့်ထူးခံ လူတန်းစားတွေ အနေနဲ့ သူတို့ ရဲ့ အခွင့်ထူးတွေ ကို စေတနာ နဲ့ လက်လျှော့ပေးခဲ့တဲ့ အစဉ်အလာ မရှိဘူး ဆိုတာ စိတ်မကောင်းစွာ နဲ့ဘဲ ပြောပါရစေ။ ပုဂ္ဂလိက အနေနဲ့တော့ တရားမျှတမှု ကို သိမြင်လာပြီး မိမိဘာသာ အလိုအလျောက် မတရား မလုပ်တော့ဘဲ နေလာနိုင်ပါတယ်။ ဒါပေမဲ့ ရိမ်းဟိုး နေဘရား(Reinhold Niebuhr) သတိပေးခဲ့သလိုဘဲ လူအစုအဖွဲ့ဟာ ပုဂ္ဂလိက တစ်ဦးတစ်ယောက်ခြင်း ဆီထက် ပိုပြီး ယုတ်မာလေ့ရှိတယ် ဆိုတာပါဘဲ။

ကျွန်ုပ်တို့ရဲ့ အတွေ့အကြုံတွေ အရတော့ လွတ်လပ်ခြင်း ကို ဖိနှိပ်သူက ဘယ်တော့ မှ စေတနာ နဲ့ အလျှော့ မပေးဘူး ဆိုတာပါဘဲ။ ဖိနှိပ်ခံရသူတွေက တောင်းဆိုရတာ ချည်းပါဘဲ။ ခွဲခြားဖိနှိပ်မှု တွေကို မခံစားဘူးတဲ့ လူတွေရဲ့ အချိန်ကိုက် ပါတယ် လို့ ပြောဆို ချီးမွန်းခံရတဲ့ ထိပ်တိုက် ရင်ဆိုင် လှုပ်ရှားမှုမျိုး မလုပ်ဖူး သေးဘူး ဆိုတာ ဝန်ခံပါရစေ။ နှစ်ပေါင်းများစွာကတည်းက ယခု အချိန်အထိ ကျွန်ုပ် ကြားခဲ့ရတာတော့ “စောင့်ပါဦး”။ ဒီ အသံဟာ နီဂရိုးတိုင်းရဲ့ နားကို အပ်နဲ့ ထိုးသလိုဘဲ နာကျင်လှပါတယ်။ ဒီ “စောင့်ပါဦး” ဆိုတဲ့ အသံ ဟာ “ဘယ်တော့မှ” ဆိုတဲ့ အဓိပ္ပာယ်ကို တောင် သက်ရောက်နေပါပြီ။ ကျွန်ုပ်တို့ရဲ့ ဂျုရီ လူကြီးမင်း ပြောသလိုဘဲ “တရားမျှတမှု ကို ရေရှည်ဆွဲ ဆိုင်းငံ ထားတာဟာ တရားမျှတမှု ကို ငြင်းပယ်တာ နဲ့ အတူတူဘဲ ဖြစ်ပါတယ်” လို့ ကျွန်ုပ်တို့ ရြှု့မင်ကြရမှာပါ။

ကျွန်ုပ် တို့ ရဲ့ ဖွဲ့စည်းပုံ အခြေခံက ပေးတဲ့ အခွင့်အရေးတွေ၊ ဘုရားသခင်က ပေးတဲ့ အခွင့်အရေးတွေ ရဖို့ စောင့်ခဲ့တာ နှစ်ပေါင်း ၃၄၀ ကျော်ခဲ့ပါပြီ။ အာရှ နဲ့ အာဖရိက က တိုင်းပြည်တွေ နိုင်ငံရေးအရ လွတ်လပ်ရေး ရဖို့ ဂျက်လေယာဉ် နှုန်းနဲ့ လုပ်ဆောင်နေချိန်မှာ ကျွန်ုပ်တို့ကတော့ ထမင်းဆိုင်မှာ ကော်ဖီလေး တစ်ခွက်ရဖို့ အတွက် လုပ်ဆောင်နှုန်းဟာ မြင်းလှည်းနှုန်း နဲ့ သွားနေပါတယ်။ ဖြစ်နိုင်တာကတော့ ခွဲခြားဖိနှိပ်မှု တွေ ကို မခံဖူးတဲ့ လူအတွက်က “စောင့်ပါဦး” လို့ ပြောဖို့ က လွယ်ပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ ရဲ့ အဖေတွေ အမေတွေကို လူအုပ်နဲ့ စိတ်ကြိုက် အမဲဖျက်သလို သတ်ဖြတ်တာ ကို ကြုံဖူးရင်၊ ခင်ဗျား ညီအကို မောင်နှမ တွေကို အပျော်သဘော နဲ့ ရေနှစ်အသတ်ခံရဖူးရင်၊ ခင်ဗျားရဲ့ အမည်း ညီအကို မောင်နှမတွေကို မုန်းတီးမှု တွေ ပြည့်နေတဲ့ ရဲပုလိပ်တွေ က ရိုက်နှက်ကြိမ်းမောင်း ဆဲ ဆို၊ သတ်ဖြတ်ထဲ အထိ လုပ်ဆောင်မှု တွေကို ကြုံဖူးရင်၊ အားလုံး အဆင်ပြေ ချောင်လည် နေတဲ့ လူ့အဖွဲ့အစည်းမှာ ခင်ဗျားတို့ ရဲ့ နီဂရိုး သန်း နှစ်ဆယ် လောက်က ဆင်းရဲမှု ဆိုတဲ့ လေအလုံပိတ် လှောင်အိမ်ထဲမှာ မွန်းကြပ်နေကြရရင်၊ ခင်ဗျားရဲ့ ခြောက်နှစ် သမီးကို တီဗီမှာ ကြေငြာတဲ့ ပျော်ရွှင်စရာ ကစားကွင်းကို ဘာကြောင့် သွားလို့ မရတာလဲ ဆိုတာ ရှင်းပြဖို့ ခင်ဗျား လျှာကြီး လိပ်ပြီး စကား မပြောနိုင်တဲ့ အခါ၊ အဲဒီလို ပျော်ရွှင်စရာ ကစားကွင်းတွေကို အမည်းတွေ သွားလို့ မရဘူး လို့ ပြောလိုက်လို့ မျက်ရည်တွေ စီးကျလာတာကို မြင်ဖူးရင်၊ ကလေး ရဲ့ စိတ်ထဲမှာ အားငယ် နှိမ့်ကျမှု တွေ ခံစားလာရပြီး သူ ရဲ့ မသိစိတ်မှာ လူဖြူတွေကို မုန်းတီးလာတဲ့ အခါ၊ ခင်ဗျားရဲ့ ငါးနှစ်သားလေး က “အဖေ၊ အဖြူတွေ က အမည်းတွေကို ဘာလို့ ဒီလောက် ဆိုးဆိုးရွားရွား ဆက်ဆံရသလဲ” ဆိုတဲ့ အမေးကို ခင်ဗျားအနေနဲ့ ရောချအဖြေပေးရတဲ့ အခါ၊ ခင်ဗျား အနေနဲ့ ခရီးသွားတဲ့ အခါ ခင်ဗျားကို လက်ခံမယ့် ဟိုတယ် မရှိလို့ ကားပေါ်မှာဘဲ အညောင်းခံပြီး အိပ်ရတဲ့ အခါ၊ “အဖြူများသာ” “အမည်းများသာ” ဆိုတဲ့ သိက္ခာကျစရာ ဆိုင်းပုဒ်တွေက နေ့စဉ်ရက်ဆက် နှိပ်စက်လာတဲ့ အခါ၊ ခင်ဗျားကို နစ်ဂါ (အမည်းကောင်)(Nigger) လို့ခေါ်ပြီး အသက်ဘယ်လောက်ဘဲ ကြီးကြီး “ချာတိတ်” လို့ သတ်မှတ်တဲ့ အခါ၊ ပြီးတော့ ခင်ဗျားရဲ့ မိသားစုနာမည် ကို ဂျွန် (John) လို့ဘဲ သတ်မှတ်ကြတဲ့ အခါ၊ ခင်ဗျား မိန်းမ နဲ့ အမေကို လေးလေးစားစား မစ္စ (Mrs.) လို့ မခေါ်တဲ့ အခါ၊ ခင်ဗျား နီဂရိုး ဖြစ်နေတဲ့ အတွက်ကြောင့် နေ့ နေ့၊ ည ည ခြောက်လန့်ခံနေရတဲ့ အခါ၊ အမြဲတမ်း တိတ်တိတ်ဆိတ်ဆိတ် ကြောက်ကြောက်လန့်လန့် နေ နေရတဲ့ အခါ၊ တော်ကြာနေ ဘာဖြစ်မလဲ ဆိုတာ ဘာကို မျှော်လင့်ရမှန်း မသိတဲ့ အခါ၊ စိတ်ထဲ မှာ ကြောက်လန့်နေရပြီး မုန်းတီး ရွံ့ရှာမှုတွေ ကို ရင်ဆိုင်နေရတဲ့ အခါ၊ ခင်ဗျား ဟာ အမြဲတမ်း “ဘာကောင်မှ မဟုတ်ဘူး” ဆိုတဲ့ ကိုယ်ဘာသာကိုယ် နှိမ်ထားတဲ့ အတွေးကို တွန်းလှန်နေရတဲ့ အခါ…အဲဒါတွေကို ကြုံဖူးရင် ကျွန်ုပ်တို့ ဘာကြောင့် စောင့်ဖို့ ခက်ခဲသလဲ ဆိုတာ ခင်ဗျား နားလည်မှာ ပါ။ သည်းခံမှု အတိုင်းအတာ ကုန်ဆုံးပြီး လူသားတို့ အနေနဲ့ စိတ်ပျက်အားလျော့မှု က ရုန်းထွက်ချင်တဲ့ အချိန် ဆိုတာရှိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်ုပ်တို့ ရဲ့ သဘာဝကျပြီး ရှောင်လွှဲလို့ မရတဲ့ ဒီ သည်းမခံနိုင်မှု ကို နားလည်ပေးမယ် လို့ မျှော်လင့်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ဥပဒေ ချိုးဖောက်တဲ့ ကြိုးပမ်းမှုတွေကိုလည်း ခင်ဗျားတို့ က စိုးရိမ် ပူပန်ကြောင်း ဖော်ပြထားတာဘဲ။ ဒါဟာလည်း သဘာဝကျ တဲ့ စိုးရိမ်မှုပါဘဲ။ ဘာလို့လဲ ဆိုတော့ ကျနော်တို့ အနေနဲ့ လူထုကို ၁၉၅၄ ခုနှစ်၊ တရားရုံးချုပ် (Supreme Court) က ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက် တစ်ခုဖြစ်တဲ့ အစိုးရ ကျောင်းတွေမှာ ခွဲခြားဖိနှိပ်မှု တရားမဝင်ဟု သတ်မှတ်တဲ့ ဆုံးဖြတ်ချက်ကို လိုက်နာဖို့ အပင်ပန်းခံပြီး တိုက်တွန်း တဲ့ တချိန်တည်းမှာ ဥပဒေကို သိသိကြီးနဲ့ ချိုးဖောက်တဲ့ လုပ်ရပ်တွေဟာ ဆန့်ကျင်ဘက်တွေ ဖြစ်နေတယ် လို့ ထင်ရပါတယ်။ ဘယ်လိုကြောင့် တချို့ ဥပဒေတွေကို လိုက်နာ ဖို့ တိုက်တွန်းပြီး တချို့ ဥပဒေတွေကို ချိုးဖောက်ဖို့ တိုက်တွန်း ရသလဲ လို့ မေးလာနိုင်ပါတယ်။ အဲဒီ အတွက် အဖြေက တော့ တရားတဲ့ ဥပဒေ နဲ့ မတရားတဲ့ ဥပဒေ ဆိုတဲ့ အချက် နှစ်ခု အပေါ်မှာ မူတည်ပါတယ်။ ကျနော် အနေနဲ့ကတော့ တရားတဲ့ ဥပဒေတွေကို လိုက်နာဖို့ ထိပ်ဆုံးကနေ တိုက်တွန်းမှာပါ။ လူတစ်ဦးတစ်ယောက် အနေနဲ့ တရားတဲ့ ဥပဒေတွေကို လိုက်နာဖို့ ဥပဒေ အရရော၊ အကျင့်သိက္ခာ ကျင့်ဝတ် ပိုင်းဆိုင်ရာ အရကော တာဝန်ရှိပါတယ်။

ဘာမင်ဟမ် အကျဉ်းထောင်မှ ပေးစာ (မာတင်လူသာကင်း၊ ဂျုနီယာ)
ဘာသာပြန် ရွှေရိုး
ခေတ်မောင်း အတွဲ(၁) အမှတ် (၈) http://en.calameo.com/books/001387678af5c12cbcdc3
Martin Luther King, Jr.

Advertisements
This entry was posted in translation (ဘာသာပြန်) and tagged , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s