Federalism in Myanmar?

ဗမာပြည်မှာ ဖယ်ဒရယ်စနစ် (သို့) ပြည်ထောင်စုစနစ် ကျင့်သုံးလို့ သင့်တော်မသင့်တော် ကျွန်တော်တို့ရဲ့ အခြေခံ ယုံကြည်မှု၊ ခံယူချက်၊ ကိုးကွယ်မှုတွေကို အမေရိကန်နဲ့ နှိုင်းယှဉ်ကြည့်ကြတာပေါ့။ အားလုံးသိပီး ကြတဲ့ အတိုင်း အမေရိကန်ဟာ ၁၇၇၆ မှာ အင်္ဂလိပ်ကို တော်လှန်ရေး ဆင်နွှဲပီး လွတ်လပ်တဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ်။ လွတ်လပ်မှုကိုပေးရင်ပေး မပေးရင် သေခြင်းကို သာ ပေးလော့ ဟု ပထရစ်ဟင်နရီရဲ့ ကျော်ကြားတဲ့ မိန့်ခွန်းအတိုင်း အမေရိကန်တို့ဟာ တကိုယ်တော် လွတ်လပ်မှုကို မြတ်နိုးလှပါတယ်။ အမေရိကန်တို့ လက်ရှိကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံရည်ရွယ်ချက်နဲ့ ဘယ်သူတွေ ရေးဆွဲခဲ့ သလဲ ဆိုတာနဲ့ ကျွန်တော်တို့ရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို နှိုင်းယှဉ်ကြည့်ချင်ပါတယ်။ အဲဒါမပြောခင် ဖွဲ့စည်းပုံ ဆိုတာကို အရင် ရှင်းလင်းလိုပါတယ်။

ဖွဲ့စည်းအခြေခံဥပဒေ ဆိုတာ တနိုင်ငံလုံးမှာရှိတဲ့ ဥပဒေတွေရဲ့ ဖြာထွက်ရာ ပင်စည်ကြီးဖြစ်ပါတယ်။ ဖွဲ့စည်းပုံရဲ့ အဓိက အလုပ်ကတော့ အစိုးရတခုရဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်တွေကို သတ်မှတ်ခြင်းဖြစ်ပါတယ်။ အစိုးရကို ဘယ်လိုရွေးချယ်မလဲ။ ဘယ်သူတွေက ဘာအလုပ်ကို လုပ်မယ်ဆိုတာတွေ ပါဝင်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ၂၀၀၈ အခြေခံဥပဒေက ဒီအလုပ်တွေကို လုပ်ဖို့ဖော်ပြထားပါတယ်။ အမေရိကန်ရဲ့ အခြေခံ ဥပဒေက အပိုအလုပ် နှစ်ခုကို လုပ်ပါတယ် ဆိုပီး ပါဝင်ရေးဆွဲခဲ့သူ ဂျိမ်းဝီးလ်ဆင်က ထောက်ပြခဲ့ပါသေးတယ်။ အဲဒါတွေကတော့ အစိုးရရဲ့ အုပ်ချုပ်ခွင့်အာဏာဆိုတာ လွတ်လပ်တဲ့ ပြည်သူတွေရဲ့ သဘောတူညီမှုကလာတယ် ဆိုတာကို အာမခံပီး နဲ့ တနိုင်ငံလုံးတဲ့ ဆိုင်တဲ့ အခွင့်အရေး ကိစ္စတွေမှာ ပါဝင်ဆွေးနွေးဖို့အတွက် ဘာသာစကားတစ်ခုအဖြစ် ပံ့ပိုးပေးထားပါတယ်။

အဲဒီတော့ နိုင်ငံတခုအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုတာကြီးကို ရေးဖို့လိုရဲ့လား ဆိုတာ မေးစရာဖြစ်လာပါတယ်။ ယနေ့ ကမ္ဘာပေါ်မှာ ဖွဲ့စည်းပုံဥပဒေ မရှိတဲ့ နိုင်ငံတွေ အများကြီးပါဘဲ။ ထင်ရှားတဲ့ ဥပမာပေးရရင် အင်္ဂလန် ဖြစ်ပါတယ်။ အင်္ဂလန်မှာ ကျွန်တော်တို့၊ အမေရိကန်တို့လိုပြစရာ ဖွဲ့စည်းပုံဥပဒေကို စနစ်တကျရေးထားခြင်းမရှိပါဘူး။ တချို့ နိုင်ငံများကြတော့လည်း (ဥပမာ ဆိုဗီယက်ပြည်ထောင်စု) ဆိုရင်လည်း အလွန်တရာကောင်းတဲ့ အခြေခံဥပဒေရှိခဲ့ပီး အစိုးရရဲ့ လုပ်ပုံကိုင်ပုံတွေက ဖွဲ့စည်းပုံကို လိုက်နာခြင်း မရှိခဲ့ပါဘူး။ တချို့များကြပြန်တော့ (ဥပမာ ပါကစ်စတန်) ဖွဲ့စည်းပုံကို နိုင်ငံတော် လုံခြုံရေးအကြောင်းပြချက်နဲ့ ရုတ်သိမ်းခြင်းမျိုးတွေဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ဖွဲ့စည်းပုံ ရေးဆွဲခြင်း သမိုင်းကလည်း မသေးလှပါဘူး။ ၄၇ မှာ တခါ၊ ၇၄ မှာ တခါ ရေးဆွဲခဲ့ပီး၊ အခုနောက်ဆုံး ၂၀၀၈ ဖွဲ့စည်းပုံကို ၁၉၉၃ ခုနှစ်က စတင်ရေးဆွဲပီး ၂၀၀၇ မှ အပီးသတ်နိုင်ခဲ့ပါတယ်။ အမေရိကန်တို့ရဲ့ လက်ရှိ ဖွဲ့စည်းပုံကို ၁၇၈၇ ခုနှစ် နွေရာသီ လေးလအတွင်း ရေးဆွဲခဲ့ပီး ယခုထက်တိုင် ဆက်လက်ကျင့်သုံးနေပါတယ်။

အစောပိုင်း အမေရိကန်တွေဟာ ဖွဲ့စည်းပုံကို လူမှုအသိုင်းအဝန်းအတွင်းဖြစ်တဲ့ ပြဿနာတွေဖြေရှင်းဖို့နဲ့ အစိုးရရဲ့ အာဏာကို ကန့်သတ်ဖို့ အတွက် ရေးဆွဲခဲ့ကြခြင်းဖြစ်ပါတယ်။ ဒီရည်မှန်းချက်တွေက ထူးဆန်းတယ်ရယ်လို့တော့ မဟုတ်ပါဘူး။ အမေရိကားကို အသိဥာဏ်ပွင့်လင်းခြင်းလို့ ခေါ်ဆိုနိုင်မယ့် (Englightenment) အချိန် အတွေးအခေါ်အသိပညာများ စတင်တိုးပွားတဲ့ အချိန်မှာ တည်ထောင်ခဲ့တာကို သတိပြုမိကြမယ်ထင်ပါတယ်။ အမေရိကန်တို့ရဲ့ ဖွဲ့စည်းပုံရေးဆွဲရေး ညီလာခံကို ပြည်နယ် ၁၃ ခုအနက် ၁၂ ပြည်နယ်မှ ကိုယ်စားလှယ် ၅၅ ယောက်တက်ရောက်ပီး တပြည်နယ်မှ တယောက် တက်ရောက်ရုံနဲ့ လုံလောက်ခဲ့ပါတယ်။ ရေးဆွဲတဲ့ ကိုယ်စားလှယ်တွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ကိစ္စ၊ ပြည်နယ်ကိစ္စတွေနဲ့ တက်လိုက်ပျက်လိုက် လုပ်ခဲ့ကြပီး နေ့စဉ် စကားရည်လုပွဲတွေမှာ အယောက် ၃၀ လောက်သာ ပုံမှန် ရှိခဲ့ပါတယ်။ ပျက်ကွက်တဲ့ ကိုယ်စားလှယ်တွေ က သူတို့ရဲ့ မဲတွေ ကို တခြားအချိန်တွေမှာ ပေးပီး ညီလာခံ တခုလုံးကို တခါးပိတ် လျှို့ဝှက်ဆွေးနွေးခဲ့ကြပါတယ်။ နောက်ဆုံးအပီးသတ်ချိန်မှာတော့ ၃၉ ယောက်ကသာ သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံထဲမှာ ဖော်ပြထားတဲ့ ရေးဆွဲရတဲ့ ဦးတည်ချက်ကတော့ ပြည်ထောင်စု မပြိုကွဲရေး အစချီတဲ့ ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ထားပါတယ်။ နောက်အချက်သုံးချက်ကတော့ နိုင်ငံတော်အတွင်း တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်း ဆိုတဲ့ လောကပါလတရားများကို ထွန်းကားစေရန်၊ လူမျိုးရေးတန်းတူမှုဖြင့် စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ်ထွန်းကားပြန့်ပွားစေရန် နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်စေရန် တို့ကို ရည်ရွယ်ပါတယ်။ ကျွန်တော်တို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုတော့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (န.ဝ.တ) လို့ခေါ်တဲ့ ၁၉၈၈ ခုနှစ် အာဏာသိမ်း စစ်တပ်က ဦးစီးရေးဆွဲခဲ့ပီး ၁၉၉၀ ရွေးကောက်ပွဲနိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၉၉၃ မှ ၉၆ ခုနှစ်အထိပါဝင်ခဲ့ပါတယ်။ ၉၆ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နုတ်ထွက်မှုကြောင့် ရပ်တန့်သွားရသော အမျိုးသားညီလာခံကို ၂၀၀၃ ခုနှစ် တွင်ချမှတ်သော နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ် (၇) ရပ်နှင့်အညီ၂၀၀၄ ခုနှစ်၌ ပြန်လည် စတင်ခဲ့ပီး ၂၀၀၇ ခုနှစ်တွင် အပြီးသတ်ခဲ့ပါတယ်။ ၂၀၀၈ အခြေခံဥပဒေစာအုပ်၌ နိုင်ငံတော်အတွင်းတည်ရှိနေသော မြို့နယ်အားလုံးမှ တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်သည်ဟု ဖော်ပြထားသော်လည်း ဗမာအစိုးရကို အရှည်ကြာဆုံးတော်လှန်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး (K.N.U) နဲ့ တချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ဖွဲ့စည်းပုံရေးဆွဲခြင်း၌ မပါဝင်ခဲ့ပါဘူး။ ဒါတွေကတော့ ဖွဲ့စည်းပုံကို ဘာရည်ရွယ်ချက်နဲ့ ဘယ်သူတွေ ရေးဆွဲခဲ့ သလဲ ဆိုတာ နှိုင်းယှဉ်ချက်တွေဖြစ်ပါတယ်။ နောက်နေ့မှဘဲ ဖွဲ့စည်းပုံကို လွှမ်းမိုးတဲ့ အတွေးအခေါ် အယူအဆတွေ အကြောင်း ဆက်လက်ရေးသားပါ့မယ်။

ရည်ညွှန်း

http://www.archives.gov/exhibits/charters/constitution_founding_fathers.html

– ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) (http://www.burmalibrary.org/docs09/Myanmar_Constitution-2008(en&bu)-red.pdf)

Advertisements
This entry was posted in opinion (ကိုယ်ယုံကြည်ရာ) and tagged , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s