Himalaya ( ဟိမဝန္တာ)

ဟောလီးဝုဒ် က ရိုက်တာ မဟုတ်တဲ့ ရုပ်ရှင် ထဲမှာ ဒီ ရုပ်ရှင် က တော်တော် ကို ကောင်းတယ်။ ကျနော် အကြိုက်ဆုံး ရုပ်ရှင်ကား တစ်ကား အဖြစ်သတ်မှတ်ထားတယ်။ ဘာအကြောင်းကို ရိုက်ထားတာလဲ ဆိုတော့ နီပေါ နိုင်ငံ နယ်စပ်၊ တိဗက် နဲ့ ထိစပ်နေတဲ့ တောင်တန်းတွေ ပေါ်မှာ နေတဲ့ ဒိုပို (Dolpo) လူမျိုးစု အကြောင်းကို ရိုက်ပြထားလို့ပါ။ ဒီအတိုင်း ဒီလူတွေက ဆားကုန်ကူးတယ်။ ပေ ၁၃၀၀၀ ကနေ ၁၆၀၀၀ ကြားမြင့်တဲ့ ကမ္ဘာ ခေါင်မိုးဒေသဟာ အလွန်အေးတဲ့ ဒေသ ဖြစ်တယ်။ နှင်းကျရင် ဒူးလောက် မြုပ်တယ်။ လူသေရင် အပိုင်းပိုင်း ခုတ်ထစ်ပြီး လဒ စာကျွေးပစ်တယ်။ ကံ ကံ၏ အကျိုး၊ ဗေဒင် နဲ့ နတ်ဘုရားတွေ ကို ယုံကြည်တယ် လို့ ပြောပြီး ရိုက်ပြရင် ဒီလောက် စိတ်ဝင်စားဖို့ ကောင်းမှာ မဟုတ်ဘူး။

ဘာကြောင့် စိတ်ဝင်စားဖို့ ကောင်းလဲ ဆိုတော့ ကမ္ဘာ့နေရာ အနှံ့အပြားများ ဖြစ်လေ့ရှိတဲ့ လူကြီး နဲ့ လူငယ် အားပြိုင်ပွဲ၊ အယူသစ် နဲ့ အယူဟောင်း တွေ ပွတ်တိုက်မှု ဘယ်လို ဖြစ်လဲ၊ နောက်ပြီး လူတွေ ရဲ့ အတ္တကြီးမှု ၊ ခေါင်းမာမှု၊ စဉ်းစားတွေး ခေါ်တတ်မှု၊ လူကြီးတွေရဲ့ နတ်ဘုရား ၊ ဗေဒင် (အယူအဆဟောင်းများကို) ယုံကြည်မှု၊ လူငယ်တွေရဲ့ စွန့်စားမှု၊ အယူအဆ ဟောင်းများကို ပစ်ပယ်မှု စတာတွေကို နေ့စဉ် နေထိုင်မှု ဘဝ မှာ ထည့်ရိုက်ပြတာ အရမ်းကြည့်လို့ ကောင်းတာ ဘဲဗျာ။ နောက်ထပ် စိတ်ဝင်စားဖို့ ကောင်းတာ အဲဒီ ရုပ်ရှင်မှာ ပါတဲ့ လူတွေက အဓိက သရုပ်ဆောင် မင်းသမီး နဲ့ မင်းသားက လွဲလို့ ကျန်တာတွေက သရုပ်ဆောင်တွေ မဟုတ်ဘဲ အဲဒီ ရွာက လူတွေကို သရုပ်ဆောင် အဖြစ် သင်ကြားရှင်းပြပေးပြီး ရိုက်ထားတာ ပါ။ လူတွေ ရဲ့ မျက်နှာတွေ၊ အဝတ်အစားတွေ၊ နေပုံ၊ ထိုင်ပုံတွေ က တကယ် သဘာဝ အတိုင်း ဖြစ်လို့ အလွန်ကို အသက်ဝင်ပါတယ်။ စကားပြောတာလဲ တကယ့် သူ့ သဘာဝ အတိုင်း တိုတိုပြတ်ပြတ်တွေ ပြောတာဟာ သရုပ်ဆောင် နေတယ် လို့ တောင် မထင်ရဘူးဗျာ။

ဇာတ်လမ်းအကျဉ်းကို တိုတို နဲ့ ရှင်းရှင်းပြောရရင်

အနစ္စ – အမြဲမရှိခြင်း၊ ဒုက္ခ – ဆင်းရဲခြင်း၊ အနတ္တ – အစိုးမရခြင်း

စတဲ့ သဘောတရား သုံးခုကို ပြသွားတယ် လို့ ထင်မိပါတယ်။

ဇာတ်လမ်းက ရွာသူကြီး တင်းလေ (Tinle) ရယ်၊ ကာမ (Karma၊ မြန်မာ လိုဆိုရင်တော့ ကိုကံပေါ့။ နောက် ပိုင်းမှာ ကိုကံလို့ ဘဲ သုံးသွားပါမယ်။) ဆိုတဲ့ ရွာလူကြီး ဖြစ်မယ့် လူငယ် တို့ရဲ့ အားပြိုင်မှု ကို အခြေခံပြီး ဖွဲ့ထားတာ။ ရွာသူကြီး တင်းလေ က သူသားအကြီး ဖြစ်တဲ့ သူ ဆားကုန်ကူးရာမှာ သေသွားတဲ့ အတွက် စိတ်ထိခိုက်နေတဲ့ သူ။ သူ့သားသေ ရတာ သူငယ်ချင်းဖြစ်သူ ကိုကံ မကယ်လို့ ဖြစ်ရတာ ဆိုပြီး စိတ်ထဲ စွဲနေတယ်။ အဲဒါကြောင့် အဖွဲ့ ခေါင်းဆောင် နေရာကို မပေးချင်ဘူး။ ကိုကံ က တရွာလုံးမှာ အတော်ဆုံးလူ။ အခြား အိမ်ထောင်ဦးစီး ဆားကုန်ကူးတဲ့ လူတွေကလည်း ကိုကံ ကို အဖွဲ့ ခေါင်းဆောင် ဖြစ်စေချင်တယ်။ တင်းလေ သဘော မတူတဲ့ အတွက် ဘာမှ လုပ်လို့ မရဘူး။ ဆားကုန်ကူးဖို့ အတွက် အဖွဲ့ခေါင်းဆောင် ရွေးဖို့ လိုနေတယ်။ နေရာ မပေးချင်တဲ့ အတွက် သူကိုယ်တိုင် ဦးဆောင်ပြီး တောင်တန်းတွေကို ဖြတ်မယ်ချည်း ပြောနေတယ်။ အဲဒီ အခန်း ကို ကြည့်ပြီး မြန်မာပြည် ကို သတိရလိုက်တာ။ ဒီလို ရှေးကျပြီး ဓားလက်နက်၊ မြှားလက်နက်လောက်ဘဲ ကိုင်ထားတဲ့ ဒေသမှာတောင် စိတ်ဓာတ်ပြင်းထန်တဲ့ အဘိုးကြီး တစ်ယောက်ရှိရင် အားလုံး အကျိုးရှိမယ့် ဆုံးဖြတ်ချက်တွေ ဘာမှချလို့ မရပါလား ဆိုတာ မြင်မိတယ်။

အဲဒီ အဘိုးကြီး ခမျာလည်း ကြိုးစားရှာတယ်။ သူ့ မြေး ခုနှစ် နှစ်သားလေး ကို အဖွဲ့ခေါင်းဆောင် အဖြစ်ထားဖို့၊ သူကိုယ်တိုင် ဦးဆောင်ပြီး ကုန်ကူးဖို့ တခြားခေါင်းဆောင်တွေ ကို စည်းရုံးပါသေးတယ်။ နှစ်ည အိပ်ခရီးသွားပြီး ၁၀ နှစ် သားကတည်း က လားမား ဘုန်းကြီး ဖြစ်နေတဲ့ သူသား အငယ်ကို တောင် သွားခေါ်တယ်ဗျာ။ အရှိကို အရှိအတိုင်း ရိုးရိုးသားသားပဲ မြင်တဲ့ အခြားခေါင်းဆောင်တွေက ခင်ဗျား အသက်ကြီးပြီ၊ ခင်ဗျား မြေးကလည်း ငယ်သေးတယ်၊ ခရီးက လမ်းလျှောက်သွားရမှာ၊ အခု အချိန်မှာ ကိုကံ ဟာ အကောင်းဆုံး ရွေးချယ်မှု ဘဲ ဆိုတာ ဝိုင်းဝန်း တိုက်တွန်းတာ တွေကို ကြည့် ပြီး မြန်မာပြည် ကို ဘဲ ပြေးပြေး မြင်တယ်။ သြော် ဒီလောက် ရှေးကျတဲ့ နေရာမှာတောင် ရာထူး မပေးချင်တဲ့ လူတစ်ယောက် ဟာ ရာထူး မပေးရရေးအတွက် ဘယ်လောက် အထိ ခေါင်းမာသလဲ ဆိုတာကိုပါ။ အဆင့်မြင့် လက်နက် ကိရိယာ တွေကို သုံးနိုင်လာတဲ့ လူတွေဟာ သဘာဝ တရားအရ အိုမင်းလာတာကို လက်မခံဘဲ လက်နက်အားကိုး နဲ့ ရာထူးမြဲရေး၊ နေရာမြဲရေး လုပ်ခဲ့တာတွေကို ပြန်ပြန် သတိရမိတယ်ဗျာ။

နောက်ပြီး သူတို့ ရွာက စ ထွက်မယ့် ရက် ကို ဗေဒင် ဆရာတွေ က နေ့ကောင်းရက်သား ရွေးပေးတာ ကြည့်ပြီး ပြုံးမိသေးသဗျာ။ ကိုကံ ကတော့ ခင်ဗျားတို့ တွေ ရက်မြန်မြန် တွက်၊ မတွက်ရင် ကျုပ်တော့ မစောင့်နိုင်တော့ဘူး ဆိုပြီး အခြား ခေါင်းဆောင်တွေ နဲ့ ဗေဒင် ဆရာတွေကို ဆော်သြတဲ့ အခန်းလည်း ပါတယ်ဗျာ။ ဗေဒင် ဆရာတွေ ပေးတဲ့ ရက် ကို စောင့်နေရင် နှင်းမုန်တိုင်း မိသွားမယ် ဆိုပြီး အခြား လူငယ်တွေ ကို စည်းရုံး ပြီး ထွက်သွားတဲ့ အခန်းလေး က လည်း အားတက်စရာပါ။

ကျနော် ကြိုက်တဲ့ အခန်းနောက်တစ်ခု က သူ့သား အငယ်က ဘုန်းကြီး ဖြစ်နေတဲ့ အတွက် ဆားကုန်ကူးတဲ့ အလုပ် ကို မလုပ်တတ်ကြောင်း ငြင်းတဲ့ အခန်းလေးပါ။ သူလုပ်တတ်တာ က ဘုရားစာ ရွတ်တာ နဲ့ ပန်းချီဆွဲတာပါတဲ့။ သိပ်ကို ရိုးရှင်းတဲ့ ဘဝတွေ မှာ လူတွေဟာ ကိုယ် ကျွမ်းကျင်ရာ လိမ္မာရာကို ဘဲ လုပ်တတ်ကြပါလား ဆိုတာ သတိထားမိပါတယ်။

ဒါပေမဲ့ သူ့အဖေ ကို သနားတဲ့ ဘုန်းကြီးက ကူညီပေးဖို့ လိုက်လာခဲ့ပါတယ်။ အဘိုးကြီး တင်းလေ သူ့သားအငယ် ကို သွားခေါ်ပြီး ပြန်လာတဲ့ အချိန်မှာ ကိုကံတို့ လူငယ်အုပ်စု ရွာမှာ မရှိတော့ပါဘူး။ အဘိုးကြီးလည်း သူ့ သူငယ်ချင်း ဟောင်းတွေကို စုပြီး ငါတို့တော့ ဗေဒင်ဆရာ သတ်မှတ်ပေးတဲ့ ရက်အတိုင်းထွက်မယ်။ ဒါမှ မလုပ်ရင် ငါတို့ ဘာသွားစားမလဲ ဆိုပြီး ပြင်ဆင်ပါတော့တယ်။

အဲဒီ မှာ စိတ်ဝင်စားစရာ ဓလေ့ထုံးတမ်းလေးတွေ ရိုက်ပြထားပါသေးတယ်။ အဘိုးကြီးရဲ့ သားအငယ် လားမား ဘုန်းကြီး ဆီမှာ ဆုလာတောင်းတဲ့ လူတွေ ပုံ၊ အမေနဲ့ သား ပြန်တွေ့ တဲ့ အခန်းမှာ နဖူးခြင်းထိ ပြီး စကားပြောပုံတွေ ဟာ အင်မတန် ချစ်ဖို့ ကောင်းပါတယ်။

အဘိုးကြီး က သူ အသက်ကြီးပေမဲ့ မပျက်စီးသေးပါဘူး ဆိုတာ ကို ပြတဲ့ အပိုင်းတွေလည်း ပါတာပေါ့။ ရှေ့က ထွက်သွားတဲ့ ကိုကံ တို့ အဖွဲ့ ကို မှီဖို့ ရေကန် ဘေးနား တောင်ကပါး က သုံးပေ လောက်သာ ကျယ်တဲ့ ဖြတ်လမ်း က သွားတာတွေ ပြတာ အသက်တောင် မရှုဝံ့ဘူး။ လမ်းလေး က တောင်နံရံနားမှာ ကပ်ဖောက်ထားပြီး အောက် မှာ ပြာလဲ့လဲ့ ရေကန်ကြီး နဲ့ ဗျာ…ကျနော် နီပေါ သွားရင် တစ်ခေါက်လောက်တော့ အဲဒီ နေရာကို ရောက်ဖူးချင်သား။

အမွေးရှည် နွားတစ်ကောင် (Yaks) ဆားနှစ်အိတ် နဲ့ အတူ ယာယီ တံတားလေးကို ဖြတ်တဲ့ အချိန်မှာ တံတား ကျိုးပြီး ကျတဲ့ အခန်းလည်း ရင်ကို တလှပ်လှပ် တုန်စေမှာပါ။ ဒီလို နဲ့ အဘိုးကြီး တို့ အဖွဲ့ ရှေ့က သွားနှင့်တဲ့ လူငယ်အဖွဲ့ ကို မှီသွားတယ်ပေါ့ဗျာ။ အားလုံး က မိသားစု တွေ ဆိုတော့ ခင်ခင်မင်မင်ဘဲ ပြန်နှုတ်ဆက်ကြတယ်ဗျာ။

ကိုကံ ကတော့ အံ့သြနေတာပေါ့။ ငါတို့ နောက် လေးရက်ကြာမှ ထွက်လာတဲ့ အဘိုးအို တစ်စု က ငါတို့ လူငယ်တွေကို ဘယ်လို လိုက်မှီလာသလဲ ဆိုပြီး။ တစ်ဂူထဲ ခြငေ်္သ့ နှစ်ကောင် အောင်းတော့ ပြဿနာ က တက်ပြန်ရော။ အဘိုးကြီး က ဆားတုံးလေး တွေ မီးထဲ ပစ်ထည့်ပြီးတော့ ဆားဗေဒင်မေးပြန်ရော။ ရာသီဥတု ကောင်းမလား၊ ဆိုးမလား ဆိုတာ ကိုပါ။ ရာသီ ဥတု ဘယ်လောက်ခြောက်သွေ့တယ်၊ လေ ဘယ်လောက် တိုက်တယ် ဆိုတာ သရုပ်ဆောင်တွေ ရဲ့ အသားအရေ မွဲခြောက်ခြောက်အရောင်တွေကို ရုပ်ရှင် အစကတည်းက မြင်နိုင်ပါတယ်။

ဆားတုံး လေးတွေ ကွဲသွားရင် ရာသီဥတု ကောင်းမယ်။ ဆားတုံးလေးတွေ မကွဲရင် မုန်တိုင်းရှိတယ် လို့ သတ်မှတ်ကြတယ်။ ကိုကံ ဆိုတဲ့ လူငယ်က အဲဒီ နည်းကို လက်မခံဘူး။ ဒါ ကလေးကလား နည်းတွေ၊ ကောင်းကင်ကြီး က ပြာနေတာဘဲ။ ဘယ်မှာလဲ မုန်တိုင်း၊ ကျနော် တို့ ဒီမှာ နှစ်ရက် နားပြီး အားဖြည့် ဖို့ ဆုံးဖြတ်ထားတယ်။ မထွက်နိုင်ဘူး ဖြစ်ပြန်ရော။ အဘိုးကြီးကလည်း လုံးဝ မလျှော့ဘူး။ ရောက်ရောက်ချင်း မနက်ဖြန်ထွက်မယ် ဆိုပြီး ဆုံးဖြတ်ပါလေရော။

ကျနော် ပြောဖို့ ကျန်ခဲ့တာ က အဘိုးကြီးရဲ့ သေသွားတဲ့ သားအကြီး ရဲ့ မိန်းမ ပဲမာ (Pema) နဲ့ ကိုကံ နဲ့ က ငယ်သူငယ်ချင်း။ အဘိုးကြီး သားသေသွားလို့ ကိုကံ က အဲဒီ မုဆိုးမလေးကို တာဝန်ယူ ချင်နေတာ။ ကောင်မလေးက ကိုကံ ကို အဘိုးကြီး စကား၊ ဗေဒင်ဆရာစကား နားထောင်ဖို့ တိုက်တွန်းနေတာ ရုပ်ရှင် စကတည်းက။ ကိုကံကလည်း သူသာ လျှင် အမှန်၊ သူသာ လျှင် ဒီတောင်တန်းတွေမှာ ကျွမ်းကျင်သူ။ အဲဒီတော့ ကောင်မလေး နဲ့ နီးစပ်ချင် ရဲ့သား နဲ့ မနီးစပ်ခဲ့ပြန်ဘူး။

ဇာတ်လမ်းက ဒီနေရာ ရောက်တော့ နည်းနည်းမှန်းလို့ ရလာပြီ။ အဘိုးကြီး ဆားဗေဒင်က မှန်ပြီး နောက်တနေ့ နှင်းမုန်တိုင်းက ကျပါလေရော။ ကျနော် က အရင်တုန်း နှင်းကျတာ ဘာမှန်းမသိ၊ အေးတယ် ဆိုတာ ရန်ကုန်ဆောင်း လောက်ဘဲ သိတဲ့ ကောင်။ အေးတဲ့ တိုင်းပြည် ရောက်ပြီးမှ နှင်းကျရင်၊ ဆောင်းတွင်းရောက်ရင် ဘယ်လောက်အေးတယ် ဆိုတာ သဘောပေါက်သွားတယ်။ အဲဒီ ရုပ်ရှင်ထဲမှာ ကျတဲ့ နှင်း ဘယ်လောက်ထူလဲ ဆိုတော့ ဆားကုန်ကူးသူ တွေ အကုန်လုံး ဒူးလောက် ခါးလောက် မြုပ်နေတယ်။ တိုက်တဲ့ လေက ပက်ပက်စက်စက်၊ အေးလိုက်မယ့် ဖြစ်ခြင်း။ ကြည့်ရင်းနဲ့ အိုင်အိုဝါ ဆောင်းတွင်းက အတွေ့အကြုံတွေ ပြန်ပြန်မြင်ပြီး ကျောအေးတယ်။

အမေရိကန် အနောက်အလယ်ပိုင်းက ပြောင်းဖူး နဲ့ ပဲပိစပ် အဓိက စိုက်တဲ့ လယ်ကွင်းတွေ ဘဲ အဓိက ရှိပြီး၊ ကုန်းတွင်းပိုင်းကျ တော့ ဆောင်းဆို အရမ်းအေး၊ အနုတ် ၂၀ ဒီကရီ ဖာရင်ဟိုက် (Farenheit) ( -၂၈ ဒီကရီ စဲဆီရပ်စ် Celcius နှင့် ညီမျှသည်) လောက် ရောက်တဲ့ ညတွေလည်း ရှိ၊ လေ ဆိုတာ က လည်း အကာအကွယ်မဲ့ ကွင်းပြင်ကြီးပဲ ဖြတ်လာရတော့ အားကလည်း ပြင်းသလား မမေးနဲ့။ တခါတလေ မျက်နှာပါ အုပ်ထားရတယ်။ အေးလွန်းလို့။ ပါးတွေ၊ မျက်လုံးတွေ ဆို စပ်လာတာ။ အဲဒီ ဟိမဝန္တာ တောင်တန်းတွေ ပေါ်မှာ တိုက်တဲ့ လေ နဲ့ ကျ တဲ့ နှင်း က တော့ ကျနော် တို့ အိုင်အိုဝါ ကျတဲ့ နှင်း နဲ့ တိုက်တဲ့ လေထက် သာရင် သာ မယ် လျှော့ဖို့တော့ မရှိဘူး။ အဲဒါကြောင့် ရုပ်ရှင် စကတည်းက ကိုကံရော အဘိုးကြီးရောက အဲဒီလို နှင်းမုန်တိုင်းကို အရမ်း ကြောက်တာ။ နောက်ပြီး နှင်းမုန်တိုင်းထဲမှာ White out ဆိုတဲ့ တလောကလုံး ဖြူနေတဲ့ ပြဿနာကလည်း ရှိသေး။ ဘယ်နေရာ ကြည့်ကြည့် နှင်းတွေ ဖုံးပြီး ဖြူနေတာတာဗျာ။ ကျနော်လည်း အဲဒါမျိုး တစ်ခါဘဲ ကြုံသေးတယ်။ သေချာတာကတော့ ရုပ်ရှင်ထဲမှာ မြင်လိုက်ရတာ မြင်ကွင်းက ကိုယ်ရောက်နေတဲ့ ဒေသထက် အဆပေါင်းများစွာ အေးတယ်ဆိုတာဘဲ။

မြင်ကွင်းကလည်း မရှင်း၊ အေးကလည်း အေးဆိုတော့ တချို့နွားတွေ သေကုန်တယ် ဆိုတာ ပြတယ်။ ပြီးတော့ အဘိုးကြီးတွေ ခမျာ အသက်ကြီးတော့ ရှေ့ဆက်မတိုးချင်တော့ဘူး ဆိုတာလည်း ပြတယ်။ အဲဒီ ထဲ မှာ ကိုကံ တွေးတာ သဘောကျသဗျာ။ ဒီ တင်းလေ ဆိုတဲ့ အဘိုးကြီး မုန်တိုင်းကျမယ် ဆိုတာ ဘယ်လိုများ သိပါလိမ့် ပေါ့နော်။ ငါ မြင်ခဲ့တာ ကောင်းကင်ပြာကြီးပါဆိုပြီး ဆားဗေဒင်ကို အံ့သြနေလေရဲ့ဗျာ။ သူတို့လည်း နှင်းမုန်တိုင်းထဲမှာ ရုန်းရတာပေါ့။ နောက်တော့ဗျာ ခေါင်းဆောင် အဖိုးကြီး မှာ နှင်းမုန်တိုင်းထဲ မှာ လမ်းရှာရင် လမ်းပျောက်ပြီး နှင်းထဲမှာ လဲနေတာပေါ့။

ကံကောင်းထောက်မပြီး ကိုကံ တို့ အုပ်စု နဲ့ တိုးလို့ ကိုကံ တို့က ကယ်ခဲ့ရတာပေါ့။ အဲဒီမှာ အဘိုးကြီး ကို သူတို့ ရိုးရာနည်း သံပူတံ လေးနဲ့ ရင်ပတ် ကို တို့ ပြီး နေပြန်ကောင်းအောင် လုပ်တာပြတယ်။ အဲဒီ နောက်ပိုင်း က စပြီး ဇာတ်လမ်း က မှန်းလို့ ရသွားပါပြီ။ ဇာတ်လမ်း ရဲ့ အရသာ ပျက်သွားမှာမို့ ရှေ့လျှောက်ဘာ ဆက်ဖြစ်တယ် ဆိုတာ မပြောတော့ပါဘူး။ သိချင်ရင် ကြည့် ကြည့်ပါလို့ ဘဲ တိုက်တွန်းချင်ပါတယ်။ ၁၉၉၉ ခုနှစ်မှာ ရိုက်ကူးခဲ့ပြီး ၂၀၀၀ ခုနှစ် မှာ အကောင်းဆုံး နိုင်ငံခြားဇာတ်လမ်း အကယ်ဒမီ ဆိုရခဲ့တဲ့ ကားဖြစ်ပါတယ်။

မူရင်း ဒီဗီဒီ ရဲ့ အားသားတဲ့ အချက်က Special Features လို့ ခေါ်တဲ့ အပို စာသားလေးတွေ ထည့်ပေးထားတာပါ။ အဲဒီမှာ ရုပ်ရှင်ထဲက ဖြတ်လိုက်တဲ့ အခန်းလေးတွေ ထည့်ပေးထားတတ်သလို၊ သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေ၊ ထုတ်လုပ်သူတွေ နဲ့ မေးမြန်းခန်း၊ ရိုက်ကွင်းပေါ်က အလွဲများ၊ ဒါရိုက်တာ ရဲ့ မှတ်ချက်တွေ၊ ဒီဟာ ကို ဘယ်လို ရိုက်ထားပါတယ် ဆိုတာ လေးတွေ ပါတတ်တယ်။

ကျနော် သိပ်ကြိုက်တဲ့ ရုပ်ရှင်တွေဆို အဲဒါလေးတွေ ပါလိုက်ကြည့်တတ်တယ်။ အဲဒီ ထဲမှာ ပြောထားတာက ဒီ ရုပ်ရှင်ကို ကိုးလ ကြာ ရိုက်ခဲ့ရပြီး စုစုပေါင်း ပေါင် တစ်သောင်း အလေးချိန် ရှိတဲ့ ပစ္စည်းတွေကို လူအင်အား နဲ့ ပေ ၁၃၀၀၀ နဲ့ ၁၇၀၀၀ ကြားကို အရွှေ့အပြောင်းလုပ်ခဲ့ရပါတယ်။ ည ဘက်တွေ ဆို အပူချိန် က အနုတ် ၅၀ ဒီဂရီ ဖာရင်ဟိုက် အထိ ကျသွားတတ်ပြီး သရုပ်ဆောင် မဟုတ်သူတွေကို ရုပ်ရှင်ရိုက်ဖို့ သင်ကြားပေးရတာ လေးဆ ပိုခက်ခဲပြီး အချိန်ပိုကြာတဲ့ အကြောင်းတွေ ပြောသွားခဲ့ပါတယ်။ ဒါရိုက်တာ က တော့ ဒီ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးထဲမှာ မပြောင်းလဲဘဲ ကျန်နေခဲ့တဲ့ ရွာသားတွေကို ခင်ဗျားတို့ ဒီဇာတ်လမ်း ရိုက်ထားရင် ခင်ဗျားတို့ ခလေး တွေကို အရင်တုန်းက ခင်ဗျားတို့ ဘယ်လို နေခဲ့လဲ ဆိုတာ ပြန်ပြောနိုင်မယ့် အကြောင်း စည်းရုံးပြီး ရိုက်ထားတဲ့ ဇာတ်ကားကောင်း တကား အဖြစ် လက်ဆင့်ကမ်းလိုက်ရပါတယ်။

Advertisements
This entry was posted in movies review (ရုပ်ရှင် ရည်ညွှန်း) and tagged , , . Bookmark the permalink.

2 Responses to Himalaya ( ဟိမဝန္တာ)

  1. xiao wei says:

    Where can I see? Can you give me the link? Thanks.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s